တရုတ်နိုင်ငံသည် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော အော်ဂဲနစ်ပစ္စည်းများ (GMO) ပါဝင် လျက်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် အိန္ဒိယနိုင်ငံမှ တင်ပို့သော ဆန်တင်ပို့မှု သုံးကြိမ်ကို ပယ်ချခဲ့ရာ ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် အသာစီးရရှိရန် ကြိုတင်တွက်ဆ လုပ်ဆောင်သည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု ယူဆရသည်။ အဆိုပါ ဘာစမာတီမဟုတ်သော ဆန်များကို သင်္ဘောတင်ပို့ခြင်း မပြုမီကပင် တရုတ်နိုင်ငံ၏ အေဂျင်စီတစ်ခုက စမ်းသပ်စစ်ဆေး ခဲ့ပြီးဖြစ်သော်လည်း တင်သွင်းခွင့်ပြုပဲ ငြင်းပယ်ခံရခြင်းဖြစ်သည်။
အိန္ဒိယအနေဖြင့် အစားအစာအဖြစ်အသုံးပြုသော မည်သည့် စားသုံးသီးနှံကိုမျှ ပြည်တွင်း၌ မျိုးဗီဇပြုပြင်ပြောင်းလဲ၍ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရန် ခွင့်ပြုထားခြင်းမရှိပဲ ဝါသီးနှံတစ်မျိုး တည်းကိုသာ မျိုးဗီဇပြောင်းလဲခွင့်ပေးထားသည်။ ဆန်ကုန်သွယ်မှုနယ်ပယ်ရှိ သတင်းရင်းမြစ်များ အရ ငြင်းပယ်ခံရသည့် သက်ဆိုင်ရာကုမ္ပဏီများသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ၏ စိုက်ပျိုးရေး ပို့ကုန်မြှင့်တင်ရေး အာဏာပိုင်အဖွဲ့ဖြစ်သော APEDA နှင့် အိန္ဒိယ စိုက်ပျိူးရေး သုတေ သန ကောင်စီ (ICAR) တို့ထံ တင်ပြဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ICAR ကောင်စီသို့ တင်ပြရာတွင် Nagpur မြို့အခြေစိုက် Shriram Food Industry က အိန္ဒိယ တစ်နိုင်ငံလုံးတွင် GMO မဟုတ်သော စပါးများကိုသာ စိုက်ပျိုးလျက်ရှိသော်လည်း တရုတ် နိုင်ငံမှ ဝယ်ယူသူများနှင့် အာဏာပိုင်များသည် အိန္ဒိယမှ စိုက်ပျိုးထုတ်လုပ်သောဆန်သည် GMO မဟုတ်ကြောင်း တရားဝင်အတည်ပြုကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပေးရန် တောင်းဆိုနေကြ သည်ဟု ပြောကြားခဲ့သည်။ ကုမ္ပဏီဘက်မှ ICAR အနေဖြင့် ဤကိစ္စရပ်အား အတည်ပြုသည့် ယေဘုယျဖော်ပြချက် သို့မဟုတ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။
Source: SS Rice News, 25 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
