The Nation သတင်းဌာန၏ ဖော်ပြချက်အရ ဗီယက်နမ်မှ တင်ပို့သူများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်သက်ရောက်မည့် တရုတ်နိုင်ငံ၏ ပြန်လည်ပြင်ဆင်ထားသော သွင်းကုန် ထိန်းချုပ်ရေး အစီအမံသစ်များအတွက် ကြိုတင်ပြင်ဆင်ရန် ၎င်းတို့၏ မှတ်ပုံတင်ထားပြီး အသေး စိတ်အချက်အလက်များနှင့် ဆက်စပ်စာရွက်စာတမ်းများကို အလျင်အမြန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) က မတ်လလယ် တွင် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည့် အဆိုပါအစီအမံများသည် တင်သွင်းလာသော စားသောက်ကုန် ဘေးကင်းလုံခြုံရေးကို ပိုမိုအားကောင်းစွာ ကြီးကြပ်ရန်နှင့် တင်သွင်းလာသော စားသောက်ကုန်များ၏ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်း၊ စည်းမျဉ်းအသစ် များအရ ထုတ်ကုန်များ ပိုမိုများပြားလာမှုအတွက် မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ပြီး စာရွက် စာတမ်းဆိုင်ရာ လိုအပ်ချက်များမှာ ပိုမိုတင်းကျပ်လာမည်ဖြစ်ကာ အစားအစာ ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှု စံနှုန်းများကိုလည်း မြှင့်တင်သွားမည် ဖြစ်သည်။
ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ လက်ရှိအစီအမံများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စတင်အာဏာတည်ခဲ့ကြောင်း၊ ၄နှစ်တာကာလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၇၈ ခုမှ စားသောက်ကုန်လုပ်ငန်းပေါင်း ၉၆,၀၀၀ ကျော်သည် တရုတ်နိုင်ငံတွင် မှတ်ပုံတင်ခဲ့ကြရာ တရုတ် နိုင်ငံသို့ စုစုပေါင်း တင်သွင်းလာသော စားသောက်ကုန် ကုန်သွယ်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၁. ၀၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၂.၂၃ ဘီလီယံခန့်) ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယွမ် ၁.၃၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၁ ဘီလီယံခန့်) အထိ တိုးမြင့်လာခဲ့သည်။
GACC အရာရှိ Mr. Li Jinsong က ဆင်ဟွာသတင်းဌာနသို့ ပြောကြားရာတွင် တရုတ်နိုင်ငံ အနေဖြင့် မှတ်ပုံတင်ခြင်းစီမံခန့်ခွဲမှုစနစ် တိုးမြှင့်လာသည်နှင့်အမျှ ပြည်ပစားသောက်ကုန် ထုတ်လုပ်သူများထံမှ မှတ်ပုံတင်လျှောက်ထားမှုအရေအတွက်သည် လျင်မြန်စွာမြင့်တက်လာ လျက်ရှိသည့်အတွက် အဆိုပါစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိ စနစ်နှင့် ကိုက်ညီ မှုရှိစေရန် စည်းမျဉ်းသစ်များကို ရေးဆွဲထားကြောင်း၊ အဆိုပါ စည်းမျဉ်းအသစ် များသည် တရုတ် နိုင်ငံတွင် ယခင်ကတည်းက မှတ်ပုံတင်ပြီးသော ပြည်ပမှလုပ်ငန်းများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း သိရှိရသည်။
သို့ရာတွင် The Nation သတင်းဌာန၏ ဖော်ပြချက်အရ ဗီယက်နမ်လုပ်ငန်း အများအပြား သည် ၎င်းတို့၏ ပထမဆုံးမှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်သို့ ဝင်ရောက်နေပြီး ယခုအခါ စည်းမျဉ်းသစ်များနှင့်အညီ ဆောင်ရွက်ပြီးစီးရန် ၂လ-၃လ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
မှတ်ပုံတင်ခြင်းဆိုင်ရာ အပြောင်းအလဲကို အထောက်အကူပြုရန်အတွက် ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် မတ်လ ၁၃ ရက်နေ့တွင် ပုဂ္ဂလိက ကဏ္ဍ နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများအတွက် ရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါပွဲ၌ စည်းမျဉ်းသစ်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်ရေး လမ်းညွှန်ချက်များ ပေးခဲ့သည်။
The Nation သတင်းဌာန၏ ဖော်ပြချက်အရ ဗီယက်နမ်အစိုးရသည် ပံ့ပိုးကူညီမှုဆိုင်ရာ အစီအမံများစွာကိုလည်း အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အစီအမံများအနက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံ စားသောက်ကုန် တင်သွင်းသည့် လုပ်ငန်းမှတ်ပုံတင် ခြင်း (China Import Food Enterprise Registration – CIFER) အွန်လိုင်းပလက်ဖောင်း တစ်ခု တည်းကိုသာ အသုံးပြု၍ ဆောင်ရွက်ခြင်း၊ ကိုက်ညီမှုမရှိသော အချက်အလက်များကို ပြုပြင်ရန် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်တမ်းတိုးလျှောက်ထားမှုများကို ၃ လမှ ၁၂ လ အလို တွင် တင်သွင်းနိုင်စေခြင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို အစိုးရထံ တင်ပြနိုင်ရန် စက်မှု လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များကို ပံ့ပိုးကူညီခြင်းတို့ ပါဝင်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ အတား အဆီးများကို ဖြေရှင်းနိုင်ရန်အတွက်လည်း တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရှိရသည်။
Source: Fruitnet, 27 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
