အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထိုင်းဆန်တင်ပို့သူများသည် ကုန်ကျစရိတ် ၁၅% ခန့် မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသော်လည်း အိန္ဒိယ၏ များပြားလှစွာသော ဆန်လက်ကျန်များ ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်း အဆမတန် မြင့်တက် မလာစေရန် တားဆီးပေးထားသည်။
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ အရှိန်မြင့်လာသော်လည်း ကမ္ဘာ့ဆန်ဈေးနှုန်းများမှာမူ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေဆဲဖြစ်သည်။ သို့ဖြစ်ရာ ထိုင်းဆန်တင်ပို့သူများမှာ မြင့်တက်လာသော အထွေထွေကုန်ကျစရိတ်များနှင့် ကသောင်းကနင်းဖြစ်နေသော သင်္ဘောလမ်းကြောင်းများကြား တွင် အခက်တွေ့နေကြရသည်။ ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်သူ Chookiat Ophaswongse က တောင်သူများနှင့် တင်ပို့သူများအတွက် ထုတ်လုပ်မှုနှင့် ထောက်ပံ့ ပို့ဆောင်ရေးစရိတ်များသည် အနည်းဆုံး ၁၀% မှ ၁၅% အထိ မြင့်တက်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ယခုကဲ့သို့ တိုးမြင့်လာမှုသည် အဓိကအားဖြင့် ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး ရိတ်သိမ်းမှုမှ သယ်ယူပို့ဆောင်မှုအထိ လုပ်ငန်းစဉ်အားလုံးကို သက်ရောက်မှုရှိစေသည်။ ထို့အပြင် ထုပ်ပိုးမှုကုန်ကျစရိတ်များလည်း မြင့်တက်လာပြီး ဥပမာအားဖြင့် Polypropylene အိတ်များ၏ဈေးနှုန်းသည် တစ်အိတ်လျှင် ၈ ဘတ်မှ ၁၁ ဘတ် (ဒေါ်လာ ၀.၃၂) သို့ မြင့်တက်လာ ခဲ့သည်။
ပုံမှန်ဆိုလျှင် စစ်ပွဲဖြစ်နေချိန်အတွင်း ဆန်ကဲ့သို့ အခြေခံစားကုန်များသည် ဈေးတက်ရမှာ ဖြစ်သော်လည်း အိန္ဒိယတွင် ဆန်လက်ကျန် အများအပြားရှိနေပြီး ကမ္ဘာ့ဈေးကွက်တွင်လည်း လိုအပ်ချက်ထက် ပိုလျှံနေသောကြောင့် ဈေးနှုန်းများ တည်ငြိမ်နေကြောင်း ထိုင်းဆန်တင်ပို့သူများ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့သည်။
ထိုင်းဆန်နှင့် အိန္ဒိယဆန်ကြား ဈေးနှုန်းကွာဟချက်မှာလည်း အဓိက အတားအဆီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုင်းဘတ်ငွေ တန်ဖိုးကျဆင်းမှုက ယှဉ်ပြိုင်နိုင်စွမ်း အနည်းငယ်တိုးစေသော် လည်း အိန္ဒိယတင်ပို့သူများက ဈေးလျှော့ရောင်းခြင်းဖြင့် ဈေးကွက်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ လက်ရှိတွင် ထိုင်းဆန်ဖြူတစ်တန်လျှင် ၃၆၅ ဒေါ်လာ ပေါက်ဈေးရှိပြီး အိန္ဒိယဆန်မှာမူ ၃၄၀ ဒေါ်လာမှ ၃၄၅ ဒေါ်လာ အတွင်းသာ ရှိသည်။
ထို့အပြင် ရောင်းသူများက လက်ကျန်ကုန်ပစ္စည်းများကို မြန်မြန် ရောင်းချလိုကြသဖြင့် အရှေ့အလယ်ပိုင်းသို့ ဦးတည်နေသည့် သို့မဟုတ် လမ်းခရီးတွင် ကြန့်ကြာနေသည့် အိန္ဒိယဆန် တန်ချိန် ၅ သိန်းခန့်အား ဈေးနှုန်းများ ထပ်မံကျဆင်းစေရန် ပိုမိုဖိအားပေးလျက်ရှိပေသည်။ အရှေ့ အလယ်ပိုင်း ပဋိပက္ခသည် ထိုင်းနိုင်ငံ၏ အဓိကဈေးကွက်ဖြစ်သော အီရတ်နိုင်ငံ (တစ်နှစ်လျှင် တန်ချိန် ၁ သန်းခန့် တင်ပို့ရသည်) ကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ သင်္ဘောများ ဘေးကင်းစွာ ဆိုက်ကပ်နိုင်ခြင်းမရှိသဖြင့် ထိုဒေသသို့ ကုန်စည်ပို့ဆောင်မှုများ ရပ်တန့်လုနီးပါး ဖြစ်နေသည်။
သင်္ဘောဆိပ်ကမ်း၌ ရပ်နားထားမှု ကြာမြင့်သည့်အတွက် ထပ်ဆောင်းကုန်ကျစရိတ်များ/ ဝန်ဆောင်ခများကြောင့် ဝယ်သူများအနေဖြင့် ကုန်စည်ပို့ဆောင်မှုကို ဆိုင်းငံ့ထားကြကြောင်း၊ အဆိုပါ အခက်အခဲများ ဆက်လက်ဖြစ်ပွားနေပါက ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းထားသော ဆန်တန်ချိန် ၇ သန်း တင်ပို့နိုင်ရေးပန်းတိုင်သို့ ရောက်ရှိရန် ခက်ခဲနိုင်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌက ထပ်မံပြောကြားခဲ့သည်။
ပို့ကုန်လုပ်ငန်းရှင်များက အစိုးရမှ လောင်စာဆီအတွက် ထောက်ပံ့ငွေ ပေးနိုင်ခြေ မရှိနိုင် ကြောင်းကို သိရှိနားလည်ကြသော်လည်း ကုန်ကြမ်းစရိတ်များနှင့် ပတ်သက်၍ အစိုးရမှ ဝင်ရောက် ကူညီပေးရန် တောင်းဆိုနေကြသည်။ အထူးသဖြင့် ဆန်အိတ်ပြုလုပ်သည့် ပလတ်စတစ်စေ့များ နှင့် ထုပ်ပိုးမှုကုန်ကျစရိတ်များအပေါ်တွင် ရှိရင်းစွဲ ကုန်ပစ္စည်းများကို ကိုင်ထားပြီး အခြေအနေကို အခွင့်ကောင်းယူကာ ဈေးတင်ရောင်းချခြင်းများ မရှိစေရန် အာဏာပိုင်များအနေဖြင့် စောင့်ကြည့် စစ်ဆေးပေးစေလိုကြောင်း အသင်းက တိုက်တွန်းထားကြောင်း သိရှိရသည်။
Source: Nation Thailand, 27 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
