အိုမန်နိုင်ငံတွင် ကြံသီးနှံစတင်ရိတ်သိမ်းနေပြီး အုပ်ချုပ်ရေးဒေသအများအပြားမှ လယ်သမားများအနေဖြင့် သီးနှံများ စတင်စုဆောင်းနေပြီဖြစ်သည်။ ဒေသရိုးရာအစားအစာ ထုတ်လုပ်မှုနှင့် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများအတွက် အရေးပါသောကာလဖြစ်သည့် ဧပြီလ တစ်လျှောက်လုံးတွင် သီးနှံရိတ်သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
အစောပိုင်းအခြေအနေများအရ ယခုနှစ်ရာသီဥတုကောင်းမွန်မည်ဟု ပြသနေပြီး သင့်တင့် သောရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများက ကောင်းမွန်သော သီးနှံဖြစ် ထွန်းမှုနှင့် အထွက်နှုန်းတိုးမြင့်လာစေရန် အထောက်အကူဖြစ်စေခဲ့သည်။ နိုင်ငံ၏ ကြံအဓိက စိုက်ပျိုးထွက်ရှိသည့်ဒေသများမှ တစ်ခုဖြစ်သည့် Dakhliyah အုပ်ချုပ်ရေးဒေသရှိ Manah နှင့် Adam မြို့နယ်တို့တွင် သီးနှံရိတ်သိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေပြီးဖြစ်သည်။
လာမည့်သီတင်းပတ်အတွင်း ရိတ်သိမ်းခြင်းလုပ်ငန်းများကို အဆိုပါအုပ်ချုပ်ရေးဒေသရှိ Bidbid၊ Samail၊ Izki၊ Nizwa၊ Bahla နှင့် Al Hamra အပါအဝင် တခြားမြို့နယ်များသို့ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများရှိ တောင်သူလယ်သမားများ အတွက် ကြံစိုက်ပျိုးခြင်းသည် ပြည်တွင်းဈေးကွက်နှင့် အသေးစားစက်မှုလုပ်ငန်းများအတွက် အထောက်အကူပြုသည့် အစဉ်အလာအရ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ယင်းလုပ် ငန်းအပေါ် မှီခိုအားထားနေရသည်။
ကြံစိုက်ပျိုးရန်သင့်တော်သည့် ဒေသဖြစ်သည့် Dhahirah၊ North Sharqiyah၊ North Batinah နှင့် South Batinah အုပ်ချုပ်ရေးဒေသများရှိ ခရိုင်များတွင်လည်း သီးနှံရိတ်သိမ်းခြင်း လုပ်ငန်းများကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
Dakhliyah အုပ်ချုပ်ရေးဒေသမှာ ကြံအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နေရာအဖြစ် ထင်ရှားနေဆဲ ဖြစ်သည်။ အဆိုပါဒေသတွင် ကြံရည်ညှစ်ထုတ်ရန်နှင့် ကြံမှ ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်သည့် ရိုးရာကြိတ်စက်များ၊ ခေတ်မီကြိတ်စက်များ အများအပြားရှိသည်။ ရိတ်သိမ်း ချိန်ရောက်လာသည့်အခါ တောင်သူများနှင့် ထုတ်လုပ်သူများက လတ်ဆတ်သည့် ကြံထွက်ပစ္စည်း များကို စားသုံးသူများထံ တိုက်ရိုက် ကမ်းလှမ်းရောင်းချသည့်အတွက် ဒေသဈေးများမှာ စည်ကား လာကြောင်း သိရှိရသည်။
ကြံသီးနှံကို မည့်သည့်အစိတ်အပိုင်းမှ မကျန်အောင် အသုံးချနိုင်ခြင်းသည် ရိုးရာစိုက်ပျိုးရေး အလေ့အထ၏ ထိရောက်မှုကို ပြသနေသည်။ ကြံကို ပြုပြင်ပြီးသည့်အခါ ဒေသထွက် လူကြိုက် များသည့် သကြားနီ၊ balooj၊ sharj၊ khameer နှင့် ဒေသအခေါ် zeej လို့ခေါ်သည့် တင်လဲရည် စသည့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်ကြောင်း သိရသည်။ ကြံမှထွက်ရှိသည့် စွန့်ပစ်ကုန်ကြမ်းများကို တိရစ္ဆာန်အစာနှင့် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြပြီး ကျန်ရှိသည့် ကြံဖတ်များကို လောင်စာ (ထင်း) အဖြစ် အသုံးပြုကြကြောင်း သိရှိရသည်။
ကြံသီးနှံမှာ မြက်ရင်းဝင် သီးနှံတစ်မျိုးဖြစ်ပြီး ရေအမြောက်အမြား လိုအပ်သည့်အတွက် ရေသွင်းစနစ် ကောင်းကောင်း လိုအပ်ကြောင်း သိရှိရသည်။ အဆိုပါသီးနှံကို နွေရာသီတွင် စိုက်ပျိုးလေ့ရှိပြီး တစ်နှစ်နီးပါးကြာအောင် မြေထဲတွင် ရှိနေသည့်အတွက် အိုမန်နိုင်ငံတွင် သကြား ထုတ်လုပ်ရေးနှင့် ရိုးရာအစားအစာများ ထုတ်လုပ်ခြင်းတို့အတွက် အရေးပါသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။
Source: Zawya, 31 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
