
ယခုနှစ်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းများမှ မြေပဲထွက်ရှိမှုနှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းလျော့နည်းလာကြောင်း သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြေပဲဈေး အနည်းငယ်မြင့်တက်လာကြောင်း သိရပါသည်။ မြေပဲဆံ တစ်ပြည်ကို ၁၀၀၀၀ ကျပ်နှင့် အခွံမခွာရသေးသော မြေပဲတောင့်တစ်ပြည်သည် ၇၇၀၀ ကျပ်နှုန်းဖြင့် ကျိုက်ထိုဈေးကွက်အတွင်း ရောင်းချနေလျက်ရှိကြောင်းလည်း သိရပါသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းများမှ ထွက်ရှိသော မြေပဲများအား အောင်လံ၊ မကွေးရှိ မြေပဲဒိုင်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ သို့ရာတွင် မြေပဲစိုက်ပျိုးမှု အထွက်နှုန်းလျော့နည်းခြင်းနှင့်အတူ သယ်ယူပို့ဆောင် စရိတ်များကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုနည်းပါးနေကြောင်း သိရသည်။
မြေပဲကြိတ်ခွဲမှုအနေဖြင့် မြေပဲဆီကြိတ်ခွဲရာတွင် မြေပဲဆံ ၂၇ ပိဿာ ကြိတ်ခွဲလျှင် ဆီ (၁၀) ပိဿာခန့် ထွက်ရှိပြီး မြေပဲဆံ ပိဿာ (၁၀၀) ကြိတ်ခွဲပါက မြေပဲဆီ ပိဿာ (၄၀) ကျော်ကျော် ထွက်ရှိသည်ဟု သိရပါသည်။ ယခုလတ်တလော ကာလများတွင် မြေပဲဆီ ၁၀ ပိဿာ ၁ပုံးလျှင် ၂၇၀၀၀၀ ကျပ်ရှိနေပြီး မြေပဲဆီ (၁) ပိဿာလျှင် ၂၇၀၀၀ ကျပ်အထိ ဈေးပေါက်နေကြောင်း သိရပါသည်။
ဆီကြိတ်စက်များအနေဖြင့် ဈေးကွက်တွင် ရောင်းအားကောင်းနေပြီး ၆၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ ဈေးကောင်းနေကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ဝယ်လိုအား မြင့်တက်လာမှုကြောင့် မြေပဲထွက်ပစ္စည်းများအနေဖြင့် မတ်လနောက်ဆုံးနှင့် ဧပြီလ လကုန်ပိုင်းအထိ ဈေးနှုန်းမြင့်တက်နေနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။
DOCA (မွန်)
