အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံသည် မွေးမြူရေးကဏ္ဍ ပြန်လည်ကောင်းမွန်လာခြင်းနှင့် စက်မှုလုပ်ငန်းသုံး ဝယ်လိုအား ချဲ့ထွင်လာခြင်း တို့ကြောင့် ပြည်တွင်းရိတ်သိမ်းမှုထက် သာလွန်ကာ ယခုစျေးကွက်ရာသီတွင် ပြောင်းတင်သွင်းမှု ကို မက်ထရစ်တန်ချိန် ၂ သန်းနီးပါးအထိ တိုးမြှင့်ရန် အသင့်ရှိနေသည်။
ယခင်အပတ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် USDA သည် ဖိလစ်ပိုင်၏ ပြောင်း တင်သွင်းမှုအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် စျေးကွက်ရာသီတွင် ၎င်း၏ကနဦးခန့်မှန်းချက် တန်ချိန် ၁.၈၅ သန်းထက် တန်ချိန် ၁၀၀,၀၀၀ ပိုမိုမြင့်မားသည့် တန်ချိန် ၁.၉၅ သန်းအဖြစ် ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါနိုင်ငံတကာအေဂျင်စီက လက်ရှိ စျေးကွက်ရာသီ (ဇူလိုင်လတွင် စတင်၍ ဇွန်လတွင် ပြီးဆုံးသောကာလ)အတွင်း ယခင်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နိုင်ငံအတွင်း ဝက် မွေးမြူရေး အရေအတွက် ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ပြောင်းတင်သွင်းမှုအပေါ် ကနဦး ခန့်မှန်းချက်ကို တိုးမြှင့်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
USDA ၏ ပြောကြားချက်အရ ကြက်မွေးမြူရေး၊ ငါးပုစွန်မွေးမြူရေးနှင့် အိမ်မွေးတိရစ္ဆာန် အစားအစာလုပ်ငန်းများမှ ဝယ်လိုအား ချဲ့ထွင်လာမှုတို့ကြောင့် တိရစ္ဆာန်အစာအဖြစ်သုံးသော ပြောင်းလိုအပ်ချက် တိုးလာကြောင်း သိရှိရသည်။ ပြောင်းဝယ်လိုအား တိုးတက်လာမှုနှင့်အတူ လက်ရှိဈေးကွက်ရာသီကာလအတွင်း စုစုပေါင်း ပြောင်းသုံးစွဲမှုသည် ယခင်နှစ်တန်ဖိုး မက်ထရစ် တန်ချိန် ၉.၉၅ သန်းမှ မက်ထရစ်တန်ချိန် ၁၀.၁၅ သန်းအထိ ၂ ရာခိုင်နှုန်းကျော် တိုးလာမည်ဟု ခန့်မှန်းထားသည်။
တိရစ္ဆာန်အစာအဖြစ်သုံးသော ပြောင်း၊ မျိုးစေ့နှင့် စက်မှုလုပ်ငန်းသုံး သုံးစွဲမှုသည် စုစု ပေါင်းဝယ်လိုအား၏ ရှယ်ယာကို တန်ချိန် ၄.၂ သန်းမှ ၄.၄ သန်းသို့ တိုးမြှင့်ရန် မျှော်မှန်းထားပြီး တိရစ္ဆာန်အစာ ပြောင်းနှင့် ပြောင်းစွန့်ပစ်ပစ္စည်း အသုံးပြုမှုတို့သည် ပို၍ကြီးမားသော ရှယ်ယာ တန်ချိန် ၅.၇၅ သန်းကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ရသည်။
USDA အနေဖြင့် ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် Cagayan ချိုင့်ဝှမ်းကဲ့သို့သော အဓိက ထုတ်လုပ်သည့်ဒေသများတွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် အဓိကအားဖြင့် တန်ချိန် ၈.၃၃ သန်း မှ ၈.၂၇ သန်းသို့ အနည်းငယ်ကျဆင်းနိုင်ကြောင်း ခန့််မှန်းထားသည်။ စျေးကွက်ရာသီ၏ ပထမ နှစ်ဝက်တွင် အထွက်နှုန်း ကောင်းမွန်လာသည့် လက္ခဏာများရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်တွင် ပြောင်းစိုက်ပျိုးထွက်ရှိမှုကဏ္ဍသည် တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်သော ဆုံးရှုံးမှု များကို သိသိသာသာ ခံစားခဲ့ရသည်။
USDA ၏ ပြောကြားချက်အရ ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် တိုင်ဖွန်းမုန်တိုင်းကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရောင်းလိုအားကွာဟချက်ကို ပြောင်းတင်သွင်းမှု တိုးမြှင့် ခြင်းဖြင့် ဖြေရှင်းလျက်ရှိပြီး တိရစ္ဆာန်အစာနှင့် အစားအစာ ထုတ်လုပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
USDA က လာမည့် ၂၀၂၆-၂၀၂၇ စျေးကွက်ရာသီတွင် ပြည်တွင်းထွက်ရှိမှုသည် ရာသီဥတု အခြေအနေ ကောင်းမွန်ပါက မက်ထရစ်တန်ချိန် ၈.၂၈ သန်းအထိ အနည်းငယ် တိုးတက်လာနိုင် ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ယခုနှစ် ဒုတိယနှစ်ဝက်၌ အယ်နီညိုရာသီဥတု ဖြစ်စဉ် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိပြီး အဆိုပါဖြစ်စဉ်သည် အနောက်တောင် မုတ်သုံရာသီကို ပိုမိုပြင်းထန်စေကာ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်နိုင်သဖြင့် ပြောင်းထုတ်လုပ်မှု တိုးတက် ခြင်းဆိုင်ရာ အလားအလာများကို လျော့ကျစေနိုင်ကြောင်း အဆိုပါအေဂျင်စီက သတိပေးခဲ့သည်။
ထို့ကြောင့် USDA က လာမည့်စျေးကွက်ရာသီအတွက် ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်းတင်သွင်းမှု သည် မက်ထရစ်တန်ချိန် ၂ သန်းအထိ တိုးလာနိုင်ပြီး စုစုပေါင်းပြောင်းသုံးစွဲမှု တန်ချိန် ၁၀.၂၅ သန်းကို ဖြည့်ဆည်းရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကြက်မွေးမြူရေး၊ ငါးပုစွန်မွေးမြူရေးနှင့် ပြုပြင်ထားသော အစားအစာများကဲ့သို့ အစာနှင့် အစားအစာ ကဏ္ဍများမှ ဝယ်လိုအားသည် ပြောင်းသုံးစွဲမှုနှင့် တင်သွင်းမှုကို ပိုမိုမြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Source: Manila Bulletin, 6 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
