စွန့်ပစ်ပစ္စည်းမှသည် အသစ်တစ်ဖန် ပြန်လည်သုံးစွဲသော ထုတ်ကုန်ဆီသို့

Powered by Drupal

           လူသားတို့သည် စား၊ ဝတ်၊ နေရေးအတွက် အလုပ်အကိုင်များလုပ်ကိုင်ကြရာတွင်  ကာယအား၊ ဉာဏအားဖြင့် ရုန်းကန်လှုပ်ရှားရင်း သမ္မာအာဇီဝလုပ်ငန်းဖြစ်သည့် အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သဖြင့် စွန့်ပစ်ပစ္စည်း(သို့မဟုတ်) အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          အဟောင်းပစ္စည်းဆိုသည်မှာ လူတို့အကြောင်းအမျိုးမျိုးအတွက် ဝယ်ယူအသုံးပြုပြီး ပျက်စီး၍ စွန့်ပစ်ရမည့် ပစ္စည်းများ၊ အသုံးမလိုတော့သည့် ပစ္စည်းများကို ဆိုပါသည်။ ရွှေဘိုမြို့တွင် အဟောင်း ပစ္စည်းများကို ပြန်လည် ဝယ်ယူသည့်ဒိုင်ကြီး (၂၀)ကျော်ရှိကြောင်း၊ အဟောင်းပစ္စည်းလိုက်ဝယ်သော အဝယ်သမားများသည် ရွှေဘိုမြို့နယ်နှင့်နီးစပ်သောကျေးရွာများသို့ ဆိုင်ကယ်များ၊ ဆိုက်တွဲများဖြင့် လှည့်လှည်၍ ဝယ်ယူကြကြောင်း၊ ဝယ်ယူလာသော ပစ္စည်းများကို ဒိုင်ကြီးသို့ပြန် လည်၍ ရောင်းချကြောင်း၊ အဆိုပါ ဒိုင်ကြီးများမှတစ်ဆင့် မန္တလေး မြို့သို့ပြန်လည်၍ တင်ပို့ကြောင်း သိရှိရပါသည်။ ထိုမှတစ်ဆင့် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာပြီး အိမ်နီချင်းနိုင်ငံ များသို့ ပြန်လည်၍ တင်ပို့ကြောင်း သိရှိရပါသည်။

          အဟောင်းပစ္စည်းများ ဝယ်ယူရာတွင် အခေါ်အဝေါ်အမျိုးမျိုးရှိကြောင်း၊ ငါးဇွန်သံ၊ သံပါး၊ ကော် စသည်တို့ဖြစ်ကြောင်း၊ ငါးဇွန်သံဆိုသည်မှာ အိမ်ရိုက်သံမျိုးစုံ၊ မီးချိတ်/မီးကပ်၊ စက်ဘီးဒန်ခွေ၊ လျှပ်စစ်မီးကြွေ စသည်တို့ဖြစ်ကြောင်း၊ ငါးဇွန်သံ (၁)ပိဿာ ဝယ်ရင်းဈေးမှာ (၁၄၀ဝိ/)ဖြစ်ပြီး ဒိုင်သွင်း ဈေးနှုန်းမှာ (၁၇၀ဝိ/)ဖြစ်ကြောင်း သိရှိရပါသည်။

          သံပါးဆိုသည်မှာ သွပ်ပြားအတိုအစ၊ စတီးဇလုံ၊ ခြင်ဆေးခွေထွန်းသည့်တိုင်၊ သေတ္တာပျက်၊ နို့ဆီဗူးခွံ၊ ဓါတ်ဘူး၊ မုန့်ပုံခွံအမျိုးမျိုး၊ လျှပ်စစ်ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ ဟင်းချက်ဒယ်၊ ဆီချင့်သည့်ဆီမှုတ် စသည်တို့ဖြစ်ကြောင်း၊ သံပါး (၁)ပိဿာဝယ်ဈေးမှာ (၈၀ဝိ/) ဖြစ် ပြီး ဒိုင်သို့ ပြန်လည်ရောင်းချသည့်ဈေးမှာ (၁၃၀ဝိ/)ဖြစ်ကြောင်း သိရှိရပါသည်။

          ကြေးနီဆိုသည်မှာ ဝါယာကြိုးထဲတွင်ပါရှိသည့် ကြေးမျှင်များ၊ ကြေးနီ (၁)ပိဿာဝယ်ဈေးမှာ (၂၅၀၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၃၀၀၀ဝိ/)ဖြစ်ကြောင်း၊ ကြေးဝါတွင် ကြေးဖလား၊ ကြေးဘုရားပန်း အိုး၊ ကြေးဘုရားစသည်တို့ဖြစ်ပြီး (၁)ပိဿာဝယ်ဈေးမှာ (၁၄၀၀ဝိ/)ဖြစ်ပြီး၊ ရောင်းဈေးမှာ (၁၈၀၀ဝိ/) ဖြစ်ကြောင်း ၊ ဒန်ဆိုသည်မှာ  ဒန်အိုးပေါက်၊ ဒန်ဖလား၊ ဒန်အဝတ်လျှော်ဇလုံ စသည် တို့ဖြစ်ပြီး ဝယ်ဈေးမှာ (၅၀၀ဝိ/)ဖြစ်ပြီး၊ ရောင်းဈေးမှာ (၇၀၀ဝိ/)ဖြင့် ရောင်းရကြောင်း သိရှိရပါ သည်။

          ကော်ဆိုသည်မှာ ပိုက်စုတ်ပိုက်ပျက်၊ ပလပ်စတစ်ရောင်စုံထိုင်ခုံအကျိုးအပဲ့များ၊ ပလပ်စတစ် ဘူးခွံ၊ ကလေးကစားစရာအရုပ်၊ ရေစစ်၊ ရေသန့်ဘူးကြီး၊ ပလပ်စတစ်ယပ်တောင်၊ ဆိုင်ကယ်ကာဗာ၊ ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ်ဘတ်မှန် တို့ဖြစ်ကြောင်း၊ (၁)ပိဿာဝယ်ဈေးမှာ (၈၀ဝိ)ဖြစ်ပြီး၊ ရောင်း ဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ကြက်ဉထည့်ကန်၊ သစ်သီးခြင်း၊ ဆီထည့်သည့်ဆီပုံးခွံတို့သည်လည်း ကော်အမျိုးအစားများဖြစ်ကြောင်း၊ (၁)ပိဿာဝယ်ဈေးမှာ (၂၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၅၀ဝိ/) ဖြစ်ကြောင်း သိရှိရပါသည်။

       ပီနံအိတ်ခွံ ဝယ်ဈေးမှာ (၁)ပိဿာလျှင် (၇၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ဆိုင်ကယ်ဘတ်ထရီအိုးပျတ်(၁)လုံးလျှင် ဝယ်ဈေး (၁၅၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၂၀၀ဝိ/)ဖြစ် ကြောင်း၊ ဖုန်းပျက်တစ်လုံးလျှင် ဝယ်ဈေး(၈၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၁၃၀ဝိ/)ဖြစ်ကြောင်း၊ စက္ကူ ဂျပ် (၁)ပိဿာလျှင် ဝယ်ဈေးမှာ (၃၅ဝိ/)ဖြစ်ပြီး ပြန်လည်ရောင်းချသည့်ဈေးမှာ (၇၀ဝိ/)ဖြစ်ကြောင်း၊  စာအုပ်/သတင်းစာ (၁)ပိဿာ ဝယ်ဈေးမှာ (၆၀ဝိ/)ဖြစ်ပြီး ရောင်းချသည့်ဈေးမှာ (၉၀ဝိ/)ဖြစ်ကြောင်း ဈေးနှုန်းများသည် အတက်/အကျရှိကြောင်း၊ ပုံသေသတ်မှတ်၍မရကြောင်း သိရှိရပါသည်။

        (၂၀)လီတာအောက် ရေသန့်ဗူးခွံများကို ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း၊ ဝယ်ဈေးမှာ (၇၀ဝိ/) ဖြစ်ပြီး ရောင်းဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ပုလင်းခွံကို အလုံးရေဖြင့် ဝယ်ယူရပြီး ပုလင်း ခွံ(၁)လုံး လျှင် (၂ဝိ/)ဝယ်ရပြီး (၅ဝိ/)ပြန်ရောင်းရကြောင်း၊ ဘီယာပုလင်းခွံ(၁)လုံးလျှင် (၅ဝိ/) ဝယ် ရပြီး ရောင်းဈေးမှာ (၈ဝိ/)ရကြောင်း၊ ဘီယာသံဘူးခွံ၊ ကျွဲစိမ်သံဘူး၊ Sharp သံဘူးများကို အလုံး ရေဖြင့် ဝယ်ယူရပြီး ဒိုင်သို့ ပိဿာချိန်ဖြင့် ပြန်၍ရောင်းချကြောင်း၊ ဝယ်ဈေးမှာ (၁)ဘူးလျှင် (၃ဝိ/) ကျပ်ဖြင့် ဝယ်ရပြီး ရောင်းဈေးမှာ (၁)ပိဿာလျှင် (၄၅၀ဝိ/)ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ဝယ်ယူရရှိသည့် အဟောင်းပစ္စည်းများထဲမှ အမျိုးအစားတူရာများကို ရောနှော၍ အရည်ကျိုပြီး အသုံးအဆောင်ပစ္စည်းများ ပြန်လည်ထုတ်လုပ်ကြောင်း၊ အဟောင်းပစ္စည်းရောင်း ချသည့် အိမ်များမှလည်း မိမိတို့အသုံးမပြုတော့သည့် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် ကလေးမုန့်ဖိုး၊ ဈေးဖိုးများရရှိ၍ အဆင်ပြေခြင်း၊ အိမ်တွင် အသုံးပြုခြင်းမရှိသည့် ပစ္စည်း အဟောင်း အပျက်များ မရှိတော့၍ သန့်ရှင်မှုရှိခြင်း၊ နေရာလွတ်များပိုလာခြင်းနှင့် သန့်ရှင်းစိမ်းလန်းသော အနာဂတ်ဖြစ်စေဖို့ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် သုံးစွဲစို့(Recycle For Clean and green Future) ဆိုသည့် ဆောင်ပုဒ်အတိုင်း အကောင်အထည်ဖော်ခြင်း စသည့် အကျိုးကျေးဇူးများရ ရှိသည့်အပြင် အဟောင်းပစ္စည်းဝယ်သည့် ဈေးသည်များမှလည်း အိမ်၏ စားဝတ်နေရေးကို တစ် ဘက်တစ်လမ်းမှ ထိန်းခြင်းဖြင့် နှစ်ဉီး/နှစ်ဘက် အဆင်ပြေသည့် လုပ်ငန်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)