
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြား သိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၂၂.၄. ၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကလေးကစားစရာရောင်းချသည့် ဘေဘီစတိုးနှင့် အဝတ်အထည် များရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်း ရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အွန်လိုင်းမှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကိုစားသုံးသူများအနေဖြင့် ဝယ်ယူ သုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်း ရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ်မှတ်ပုံတင်လျှောက် ထားရန်အတွက် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ်သည် များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
