၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ လိုက်ချီးထွက်နှုန်း အကြီးအကျယ် ကျဆင်းနိုင်ဖွယ်ရှိ

Powered by Drupal

          ရာသီဥတု ဖောက်ပြန်မှုကြောင့် ဗီယက်နမ်နိုင်ငံ၏ လိုက်ချီးထွက်နှုန်းမှာ ယခုနှစ်တွင် ကျဆင်းမည်ဟု ခန့်မှန်းရပြီး ရာသီဦးထွက်နှုန်းများမှာ ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းကာ တန်ချိန် ၈၅,၀၀၀ မှ ၉၀,၀၀၀ ခန့်သာ ရှိတော့ကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံတွင် လက်ရှိ၌ လိုက်ချီးစိုက်ဧက ဟက်တာ ၅၅,၀၀၀ ခန့်ရှိပြီး အများစုမှာ မြောက်ပိုင်း ဒေသများတွင် တည်ရှိကြောင်း သိရပါသည်။

          အကြီးဆုံးစိုက်ပျိုးရာဒေသဖြစ်သည့် Bac Ninh (ဘတ်နင်း) ပြည်နယ်တွင် စိုက်ပျိုးဧက ၂၉,၈၀၀ ဟက်တာခန့်ရှိပြီး ယခုနှစ်တွင် အသီးတန်ချိန် ၉၅,၀၀၀ ခန့် ရရှိရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ၎င်းပမာဏမှာ နှစ်စဉ်ရည်မှန်းချက်၏ ၅၉.၅ ရာခိုင်နှုန်းသာရှိပြီး ယမန်နှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၂၁၅,၀၀၀ နှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်းကျော် လျော့ကျသွားခြင်းဖြစ်ကြောင်း သိရပါသည်။

          သို့သော်လည်း အာဏာပိုင်များ၏ ပြောကြားချက်အရ ဤခန့်မှန်းချက်မှာ လက်ရှိ အပွင့်ပွင့်မှု အခြေအနေအပေါ် အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့ထွက်ရှိမှုမှာ ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း သိရပါသည်။ စိုက်ပျိုးဧက ၉,၃၄၅ ဟက်တာခန့်ရှိသော Hai Phong (ဟိုင်ဖုန်း) မြို့၏ ထွက်နှုန်းမှာလည်း တန်ချိန် ၅၅,၀၀၀ အထိ လျော့ကျသွားနိုင်ကြောင်း သိရပါသည်။ ရာသီဦးထွက်နှုန်း လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ လိုက်ချီးသီးတစ်ကီလိုလျှင် ခြံထွက်ဈေး ဗီယက်နမ်ဒေါင် ၅၀,၀၀၀ မှ ၉၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၉၀ မှ ၃.၆၀) အထိရှိနေပြီး လက်လီဈေးကွက်တွင် ဒေါင် ၂၁၀,၀၀၀ အထိ ရှိနေကြောင်း သိရပါသည်။

          သီးနှံစိုက်ပျိုးရေးနှင့် အပင်ကာကွယ်ရေးဌာန၏ မှတ်ချက်ပြုချက်အရ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆောင်းရာသီ ပိုမိုပူနွေးခဲ့ခြင်းနှင့် ဖေဖော်ဝါရီလ၊ မတ်လများအတွင်း မိုးဖွဲဖွဲရွာသွန်းကာ မြူထူထူထပ်မှု ကြာရှည်ခဲ့ခြင်းတို့က အပင်များ အပွင့်ပွင့်သည့်ဖြစ်စဉ်ကို အနှောင့် အယှက်ဖြစ်စေခဲ့ကြောင်းနှင့် စိုက်ပျိုးခြံအများအပြားတွင် အပွင့်ပွင့်မှု မညီညာခြင်းများဖြစ်ပေါ်ကာ အသီးတင်နှုန်းကို လျော့ကျစေခဲ့ကြောင်း သိရပါသည်။

          တရုတ်နိုင်ငံရှိ အဓိကလိုက်ချီးစိုက်ပျိုးရာ ဒေသများတွင်လည်း အပွင့်ပွင့်မှု အားနည်းကြောင်း သတင်းရရှိပြီး ယင်းမှာ ပုံမှန်ထက်ပူနွေးသော ဆောင်းရာသီနှင့် စိုထိုင်းဆများသော ရာသီဥတုတို့ကြောင့်ဖြစ်ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

Source: VN Express                                                                   

DOCA (ရန်ကုန်)