ကျောက်မီးသွေးနှင့် နီကယ်တို့အပေါ် ပို့ကုန်ခွန်နှင့်အမြတ်ခွန်များ စည်းကြပ်သွားမည် အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

 

       အစိုးရ၏ အသုံးစရိတ် (APBN) တွင် မြင့်တက်လာသော ထောက်ပံ့ကြေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကျောက်မီးသွေးနှင့် နီကယ်တို့အပေါ် ပို့ကုန်ခွန် နှင့်အမြတ်ခွန်များ စည်းကြပ်ရန် အင်ဒိုနီးရှားနိုင်ငံက စီစဉ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က မေလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

       အမြတ်ခွန်ဆိုသည်မှာ ပြင်ပအခြေအနေများကြောင့် ရုတ်တရက် အမြတ်အစွန်း အဆမတန် ရရှိလာသော ကုမ္ပဏီများ သို့မဟုတ် သီးခြားစက်မှုလုပ်ငန်းများအပေါ် အစိုးရက ထပ်ဆောင်းကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ပါသည်။ သို့သော်လည်း အဆိုပါစည်းမျဉ်းမှာ မူကြမ်းရေး ဆွဲဆဲအဆင့်နှင့် ဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးဆဲအဆင့်တွင်သာ ရှိသေးသောကြောင့် အခွန်နှုန်းထားကိုမူ Purbaya က ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါသည်။

       လက်ရှိတွင် ကျောက်မီးသွေးနှင့် နီကယ်တင်ပို့မှုများအပေါ် ပို့ကုန်ခွန်ကောက်ခံခြင်း မရှိသေးသဖြင့် ကုန်စည်တန်ဖိုး လျှော့ပြခြင်းနှင့် မှောင်ခိုတင်ပို့ခြင်းများ ပြုလုပ်နိုင်သည့် အားနည်းချက်များရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပို့ကုန်ခွန်များကို စတင်ကျင့်သုံးလိုက်ပါက အကောက်ခွန်နှင့် ယစ်မျိုးဦးစီးဌာန (DJBC) အနေဖြင့် ကုန်ပစ္စည်းများ မတင်ပို့မီ စစ်ဆေးမှုများပြုလုပ်ရန် လုပ်ပိုင်ခွင့်အာဏာရရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

         အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်း၌ အချောထည်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ၊ အထူးသဖြင့် နီကယ်အခြေခံ ဘက်ထရီထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ကုန်ကြမ်းများကို အသုံးပြုသည့် ကုမ္ပဏီများ အတွက်လည်း အထူးအခွင့်အရေးများပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Antara                                                                         

DOCA (ရန်ကုန်)