၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့သည့် မြန်မာနိုင်ငံ

Powered by Drupal

          မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) က သတင်းထုတ်ပြန်ခဲ့ပါသည်။ “၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်မှာ ကျွန်တော်တို့ မျှော်မှန်းထားသလို ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ပါတယ်။ အဓိက အဆုံးအဖြတ်ပေးတဲ့ အချက်ဖြစ်တဲ့ ရာသီဥတုသာ ပိုကောင်းခဲ့မယ်ဆိုရင် တင်ပို့မှု ပမာဏဟာ အခုထက် ပိုများနိုင်ပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေဟာ ရာဘာအထွက်ဆုံးလတွေ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်က အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအထိ မိုးဆက်ရွာနေခဲ့တာကြောင့် ထုတ်လုပ်မှုကြန့်ကြာခဲ့ရပါတယ်။ ဒါကြောင့် တင်ပို့မှု တိုးတက်လာခြင်းရှိမရှိဟာ ရာသီဥတု အခြေအနေပေါ်မှာလည်း မူတည်နေပါတယ်” ဟု MRPPA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ရာဘာဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၂,၁၅၀ နီးပါး ရှိနေသော်လည်း မြန်မာနိုင်ငံမှ တင်ပို့သည့်ရာဘာမှာ အရည်အသွေး သတ်မှတ်ချက်များကြောင့် တစ်တန်လျှင် ဒေါ်လာ ၁,၇၀၀ မှ ၁,၉၀၀ အတွင်းသာ ရရှိခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ အကြီးဆုံးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရာဘာစိုက်ဧက ၁.၆၄ သန်း ရှိသည့်အနက် ဧက ၈၅၀,၀၀၀ ခန့်မှာ ရာဘာစေး ထုတ်ယူနေသည့် ဧကများဖြစ်ပါသည်။ မွန်ပြည်နယ်သည် နိုင်ငံအတွင်း ရာဘာအများဆုံး ထုတ်လုပ်သည့် ဒေသဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့က ဒုတိယနှင့် တတိယအများဆုံးဖြစ်ကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရာဘာစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: the global new light of Myanmar                                    

DOCA (ရန်ကုန်)