
အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနသည် Vietnam သို့ ပထမဆုံးအကြိမ် ဒိန်ချဉ် ထုတ်ကုန်တင်ပို့မှုကို မေလ ၆ ရက်နေ့ကကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တင်ပို့မှု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ဖြစ်ပြီး PT Cisarua Mountain Dairy Tbk က Bogor Regency ၊ West Java မှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမျိုးသားပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က ယခုကဲ့သို့ ပထမဆုံးတင်ပို့နိုင်ခြင်းသည် အင်ဒိုနီးရှား နို့ထွက်ပစ္စည်းများ၏ အရည်အသွေးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ပြသနေကြောင်းနှင့် ထိုအဆင့်သည် ဗီယက်နမ်နှင့် အာရှဈေးကွက်များတွင် အင်ဒိုနီးရှား ဒိန်ချဉ် ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရပ်တည်မှုကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ နို့ထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းသည် ဆက်လက်တိုးတက်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နို့ထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၁.၆၈ သန်း ရှိခဲ့ပြီး ၂၀၂၁ မှ ၂၀၂၅ အတွင်း ၂.၃၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်း နို့ထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၈၁ သန်းအထိ ရှိလာခဲ့ပြီး ၂၀၂၅ ခုနှစ် တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက ၆၃.၄၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဒိန်ချဉ်ထုတ်ကုန် တင်ပို့မှုတစ်ခုတည်းအနေဖြင့်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ–ဖေဖော်ဝါရီကာလအတွင်း ကမ္ဘာလုံး ဆိုင်ရာ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄၅ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် ၅၀.၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Puntodewi က ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အင်ဒိုနီးရှားထုတ်ကုန်များ၏ ဈေးကွက်ဝင်ရောက်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာစေရန် အထောက်အကူပြုအစီအစဉ်များကို ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအစီအစဉ်များတွင် ကုန်သွယ်ရေးမစ်ရှင်များ၊ နိုင်ငံတကာပြပွဲများ၊ စီးပွားရေးချိတ်ဆက်ပွဲများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီစေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များပါဝင်ကြောင်း သိရပါသည်။ Puntodewi က ကမ္ဘာ့ဈေးကွက်ထဲတွင် အင်ဒိုနီးရှားထုတ်ကုန်များ၏ ရပ်တည်မှုပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
