တရုတ်နိုင်ငံ၏ ပို့ကုန်များ ထိုးတက်လာမှုကြောင့် ကုန်သွယ်ရေးပိုငွေ စံချိန်တင်

Powered by Drupal

         တရုတ်နိုင်ငံ၏ စက်ရုံများသည် Artificial Intelligence (AI) နှင့် ဆက်စပ်သည့် လုပ်ငန်းများမှ အော်ဒါအမြောက်အမြားကို ဖြည့်ဆည်းရန် ထုတ်လုပ်မှုများ တိုးမြှင့်ခဲ့ခြင်းကြောင့် ဧပြီလအတွင်း ပို့ကုန်တင်ပို့မှု သိသိသာသာ မြင့်တက်ခဲ့သည်။ ထို့ပြင် အီရန်နှင့် ဖြစ်ပွားနိုင်ခြေရှိသော စစ်ပွဲကြောင့် ကမ္ဘာ့ကုန်ကြမ်းစရိတ်များ မြင့်တက်လာမည်ကို စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ ကြိုတင်စုဆောင်းထားကြခြင်းကလည်း ပို့ကုန်တိုးတက်မှုကို အားပေးခဲ့ကြောင်း သိရသည်။

          ပို့ကုန်တိုးတက်မှုမှာ ဧပြီလတွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၃၅၉.၄ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းမှာ စီးပွားရေးပညာရှင်များ ခန့်မှန်းထားသည့် ၇.၉ ရာခိုင်နှုန်းထက် များစွာသာလွန်နေသည်။ သွင်းကုန်မှာလည်း ၂၅.၃ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၂၇၄.၆ ဘီလီယံ အထိ ရှိခဲ့သည်။ ကုန်သွယ်ရေးပိုငွေမှာ ဧပြီလတွင် ဒေါ်လာ ၈၄.၈ ဘီလီယံ အထိ ရှိခဲ့ပြီး မတ်လတွင် ၅၁.၁၃ ဘီလီယံသာ ရှိခဲ့သည်။ အမေရိကန်နှင့် ကုန်သွယ်မှုမှာ ယခုနှစ်အတွင်း ကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၈၇.၇ ဘီလီယံ အထိ ရှိနေသည်။

        မေလ ၁၄-၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဘေဂျင်းသို့ သွားရောက်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း မြင့်တက်နေသော ကုန်သွယ်ရေးပိုငွေကိစ္စမှာ အဓိကအချက်ဖြစ်လာနိုင်ပြီး တင်းမာနေသော နှစ်နိုင်ငံ ဆက်ဆံရေး၊ ထိုင်ဝမ်အရေးနှင့် အီရန်ပဋိပက္ခများကို ဆွေးနွေးကြမည်ဖြစ်သည်။ တရုတ်ပို့ကုန် လုပ်ငန်းရှင်များသည် အရှေ့အလယ်ပိုင်း ပဋိပက္ခဒဏ်ကို ကြံ့ကြံ့ခံနိုင်နေသော်လည်း စီးပွားရေးပညာရှင်များက သတိပေးချက်များကို ထုတ်ပြန်ထားသည်။ သတိပေးချက်များမှာ စစ်ပွဲရှည်ကြာပြီး လောင်စာဆီဈေး မြင့်တက်လာပါက ပို့ကုန်ဈေးကွက် ဝယ်လိုအားကျဆင်းနိုင်ခြင်း၊ လောင်စာဆီ၊ ရေနံ၊ ကျောက်မီးသွေးနှင့် ဓာတုပစ္စည်းများ၏ သွင်းအားစုစရိတ်များ မြင့်မားနေဆဲဖြစ်ခြင်း၊  လက်လီရောင်းအား (စားသုံးမှု) မှာ စက်မှုကုန်ထုတ်လုပ်မှု၏ နောက်တွင်သာ ရှိနေသေးပြီး အလုပ်လက်မဲ့နှုန်း အနည်းငယ်မြင့်တက်လာခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)