
ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးရေးဒေသများအနက် တစ်ခု
ဖြစ်ပြီး ပြောင်းစိုက်ပျိုးမှု အများဆုံးဒေသများထဲတွင် ပါဝင်သည်။ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ၊ ရပ်စောက်၊ နောင်တရား နှင့် ပင်လောင်းဒေသများတွင် ပြောင်းသီးနှံကို အဓိက စီးပွားဖြစ် စိုက်ပျိုးကြ သည်။ ပြောင်းသီးနှံကို မိုးဦးကျကာလဖြစ်သော မေလ နှင့် ဇူလိုင်လအတွင်း စတင် စိုက်ပျိုးပြီးနောက် ၄လ မှ ၅လ ခန့်အတွင်း ရိတ်သိမ်းကြကြောင်း သိရှိရပါသည်။ အောက်တိုဘာလ နှင့် နိုဝင်ဘာလ အတွင်း ပြောင်းဆံအများဆုံး ထွက်ရှိသောအချိန်ဖြစ်ပြီး ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများသဖြင့် ကုန်သည်များ စတင်ဝယ်ယူစုဆောင်းကြပါသည်။ နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လ အတွင်းရိတ်သိမ်းသော နွေပြောင်း လည်းရှိကြောင်း သိရှိရပါသည်။
ပြောင်းဆံသည် လူအစားအစာ၊ တိရစ္ဆာန်အစားအစာ နှင့် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုနိုင် သောကြောင့် နိုင်ငံတကာ ဈေးကွက်တွင်လိုအပ်ချက်မြင့်မားသော သီးနှံတစ်မျိုးဖြစ်ပါသည်။ မြန်မာ နိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ပြောင်းဆံဈေးနှုန်းများ မြင့်တက်လာကြောင်း ကိုသိရှိရပါသည်။ ယခုအချိန်တွင် ပြောင်းဆံ သီးနှံမှာ ရှမ်းတောင်ပြောင်း၏ အရည်အသွေး ကောင်း မွန်ခြင်း၊ ပြည်တွင်းထွက်ရှိမှု လျော့နည်းခြင်း၊ ပြည်ပဝယ်လိုအား မြင့်တက်လာခြင်း၊ စိုက်ပျိုးရေး စရိတ်မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများ နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုမှု များလာခြင်း တို့ကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်းကို ကုန်သည်များထံမှ သိရှိရပါသည်။
ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက၂၀၂၅ ခုနှစ် မေလ ပထမပတ်တွင် ပြောင်းဆံ တစ်ပိဿာလျှင် (၁၄၉၀-၁၅၀၀)ကျပ် ဈေးရှိခဲ့ပါသည်။ ယခု ၂၀၂၆ခုနှစ် မေလ ပထမပတ်တွင် ပြောင်းဆံ တစ်ပိဿာ မှာ (၁၅၅၀-၁၆၀၀)ကျပ်ဖြင့် ဈေးရှိနေပြီး ရှမ်းတောင်ဒေသရှိ ပြောင်းဆံမှာ အရည်အသွေးကောင်းမွန် ပြီး ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် တောင်သူများအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ် ကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရ၍ ရေးသားတင်ပြအပ်ပါသည်။
DOCA(ရှမ်း)
