
၂၀၂၆ ခုနှစ်၊ မေလ၊ ၈ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ ရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း၊ပခုက္ကူမြို့၌ “စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)” ဖွင့်လှစ်ခဲ့ရာ ပခုက္ကူ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကိုယ်စား ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သိကောင်းစရာများကို ပြောကြားခဲ့ရာ ရက်(၁၀၀)အတွင်း ကိုယ်ပိုင် လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခြေခံစက်ချုပ်သင်တန်းကို (၈.၅.၂၀၂၆ မှ ၆.၆.၂၀၂၆ ထိ) အခြေခံ (၁)လနှင့် (၁၄.၆.၂၀၂၆ မှ ၂၈.၆.၂၀၂၆ ထိ) မွမ်းမံ (၁၅)ရက်၊ စုစုပေါင်း (၄၅)ရက် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသူ (၁၅) ဦးတက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် နည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင် သည်အထိ စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%) သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် အခြေခံ သင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူ (၂)ဦးကို ရွေးချယ်၍ စက်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ သင်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆက်စပ်ပစ္စည်းများကို သင်တန်းသူ များအား ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ဆက်စပ်ပစ္စည်းများကို ပြသခဲ့ရာ လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
