
ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့် အရှေ့ သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များပိုမိုရှင်သန်နိုင်ပြီး အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း ၊ (၁)ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ယခုမိုးဦးကျနှင့် မိုးရာသီတွင် အသီးများဖြိုင်ဖြိုင်ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီး အထွက်နှုန်း လျော့နည်းကြောင်း ၊ အသီးများ ဖြိုင်ဖြိုင်ထွက်သော ရာသီဖြစ်သောကြောင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်လျော့နည်းခြင်းမရှိကြောင်း၊ယခင်လ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၄၀၀-၅၀၀)ကျပ် အထိ ရောင်းချရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၃၀၀-၄၀၀)ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း၊ ယခုလ ကီလိုမာလကာသီး တစ်လုံးလျှင် လက်လီဈေး (၈၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၅၀၀-၆၀၀)ကျပ် ဈေးများဖြင့် ရောင်းချ ပေးကြောင်း၊ ယခုအချိန်တွင် မာလကာသီးအထွက်နှုန်းပုံမှန်ထွက်ရှိကြောင်း၊ အလုံးအရေအတွက် လိုသလောက်ရရှိသောကြောင့် ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း ၊ ကျောင်းဖွင့်ရာသီချိန် မဟုတ် သဖြင့် ကျောင်းဖွင့်ရာသီချိန်လောက် အရောင်းမသွက်ကြောင်း၊ မာလကာသီးကို ဒေသတွင်းမြို့နယ် များရှိ ဈေးများနှင့် ရွှေသိမ်တော် ဘုရားသို့ လာရောက်ဘုရားဖူးကြသူများမှာလည်း အိမ်ပြန် လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူ ကြကြောင်း၊ မာလကာသီး စားသုံးခြင်းဖြင့် ဗီတာမင်စီ များစွာရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စီးပွားလည်းဖြစ် ဝင်ငွေလည်းတိုးသော ကီလို မာလကာပင်များကို မိသားစုအပိုဝင်ငွေရရှိအောင် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း မာလကာသီး အများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
DOCA(မန္တလေး)
