“စဉ့်ကိုင်မြို့နယ်တွင်မိုးပြောင်းဖူးများစတင်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”      

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက်ဒေသ ဖြစ်သောကြောင့် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။  မိုးသီးနှံတစ်မျိုးဖြစ်သော ပြောင်းဖူးသီးနှံကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုး လာကြပြီး၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊  စဉ့်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူး စိုက်ဧက ( ၅၂၈  )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည် လျှင်(၈၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စတင်စိုက်ပျိုးကြပြီး မိုးပြောင်းဖူးများ သြဂုတ်လမှစတင်၍ ထွက်ရှိမည်ဖြစ်ကြောင်း၊  (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း (၄၀၀၀-၄၅၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ထိုင်ဝမ်သကြားပြောင်းဖူးမှာ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ပြီး ဈေးကောင်းရရှိကြောင်း၊  ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်နှင့် လက်လီတစ်ဖူးလျှင်(၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် မန္တလေးကုန်စိမ်းပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး အချို့ပွဲစားများမှလည်း ကျေးရွာစိုက်ခင်းအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ တောင်သူများမှ ရန်ကုန်၊မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချကြကြောင်း သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် အထွက် နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိပါသည်။ ဖူးစားပြောင်း စိုက်ပျိုး ခြင်းဖြင့် ကျွဲစာ၊နွားစာများ ဖူလုံသည့်အပြင် ပြောင်းဖူးမျိုးပင်များကိုလည်း ပြန်လည်ရောင်းချ ရသဖြင့် တွက်ချေကိုက်သည့် သီးနှံဖြစ်သောကြောင့် ပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)