တရုတ်နိုင်ငံ၌ ဆောင်းဦးရာသီမှ ကောက်ပဲသီးနှံ တန်ချိန် ၃၃၈ သန်းကျော် အစိုးရဝယ်ယူ

Powered by Drupal

     တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆောင်းဦးသီးနှံရာသီမှ ရိတ်သိမ်းထွက်ရှိသော ကောက်ပဲသီးနှံ များကို အစိုးရကဝယ်ယူရာ၌ ၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ တန်ချိန် ၃၃၈ သန်းကို ကျော်လွန်ခဲ့ပြီ ဖြစ်ပြီး မကြာသေးမီနှစ်ကာလများအတွင်း အမြင့်မားဆုံးအဖြစ် ရောက်ရှိခဲ့သည်ဟု မေလ ၁၀ ရက် နေ့တွင် တရားဝင်ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

     ဆောင်းဦးရာသီမှ ကောက်ပဲသီးနှံများကို ဝယ်ယူစုဆောင်းသည့် အစိုးရ၏ ဝယ်ယူရေး လုပ်ငန်းစဉ်များသည် ဧပြီလကုန်၌ ပြီးဆုံးခဲ့ပြီဖြစ်သည်ဟု တရုတ်နိုင်ငံ အမျိုးသားစားသောက်ကုန် နှင့် မဟာဗျူဟာအရန်ရိက္ခာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ လက်အောက်ရှိ ကောက်ပဲသီးနှံ အရန်‌ ရိက္ခာဌာန အကြီးအကဲဖြစ်သူ Luo Shouquan ၏ ပြောဆိုချက်ကို ကိုးကားလျက် နိုင်ငံပိုင် China News Service သတင်းဌာနက ဖော်ပြခဲ့သည်။

    ယခုဆောင်းဦးသီးနှံရာသီတွင် ကောက်ပဲသီးနှံများ၏ အရည်အသွေးမှာ ယေဘုယျအားဖြင့် ကောင်းမွန်မှုရှိကြောင်း၊ ဝယ်ယူသည့် ဈေးနှုန်းများမှာ တည်ငြိမ်မှုရှိခဲ့ပြီး အချို့သောသီးနှံများ၏ ဈေးနှုန်းများမှာ မြင့်တက်လာခဲ့ကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့က ပြောဆိုထားသည်။

    ကနဦး အချက်အလက်များအရ အစိုးရသည် အဆိုပါဝယ်ယူရေးကာလအတွင်း သီးနှံရာသီ အလယ်နှင့် နှောင်းပိုင်း စိုက်ပျိုးမှုမှထွက်ရှိသည့် ဆန်တန်ချိန် ၁၀၃ သန်း၊ ပြောင်းတန်ချိန် ၂၂၂ သန်းနှင့် ပဲပုပ်တန်ချိန် ၁၂.၉၉ သန်းတို့ကို ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

     ပရီမီယံအဆင့် အရည်အသွေးကောင်းမွန်သော သီးနှံများမှာ ဈေးနှုန်းမြင့်မားမှုရှိပြီး အရည် အသွေးမြင့် ဆန်တစ်တန်လျှင် ယွမ်ငွေ ၃၂၀၀ (ဒေါ်လာ ၄၇၀) ကျော်ဖြင့် ရောင်းချမှုရှိရာ ပုံမှန် အဆင့်အတန်းရှိသော ဆန်ဈေးနှုန်းထက် ယွမ် ၆၀၀ ခန့် ပိုမိုမြင့်မားမှုရှိသည်။ ပရိုတင်းပါဝင်မှု များပြားသည့် ပဲပုပ်မှာ တစ်တန်လျှင် ယွမ် ၅၀၀၀ နှုန်းအထက် ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

    Henan, Hunan နှင့် Heilongjiang ပြည်နယ်များတွင် ဒေသန္တရအာဏာပိုင်များသည် ဆန် အတွက် အနိမ့်ဆုံးထားရှိ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် စုစုပေါင်း ဆန်တန်ချိန် ၄.၁၈ သန်းကို ဝယ်ယူခဲ့သည်။ ဈေးနှုန်းများကို သင့်တင့်သောအဆင့်များ၌ထားရှိလျက် ကောက်ပဲ သီးနှံဈေးကွက်ကို တည်ငြိမ်မှုရှိစေရေး စီမံဆောင်ရွက်မှုများနှင့်အတူ ၂၀၂၆ ခုနှစ် နွေသီးနှံရာသီမှ ထွက်ရှိမည့်သီးနှံများ ဝယ်ယူရေး အစီအမံများကို ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်ဟု တရုတ် အစိုးရ အာဏာပိုင်များက ပြောဆိုထားသည်။

Source: Ecns.cn, 11 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)