
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက် ဝင် ရောက်ခွင့်ကို အားပေးထောက်ပံ့ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးကို မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကို တိုးချဲ့လျက်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ၏ ပြောကြားချက်အရ သိရှိပါသည်။
စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ဌာနအနေဖြင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေရန်ရည်ရွယ်ပြီး ဖိလစ်ပိုင်-ဂျပန် စိုက်ပျိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအပေါ် ပြင်ဆင်ချက်များကို စောင့်ဆိုင်းလျက်ရှိ သည်ဟု ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် အစိုးရအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ အလုပ် အကိုင်ဖန်တီးရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုတွင် ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကြောင့် အဆို ပါ စာချွန်လွှာတွင် ငါးမွေးမြူရေးလုပ်ငန်းကို ထည့်သွင်းရန် အထူးစိတ်အားထက်သန်လျက် ရှိပါ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
သဘောတူညီချက်အပေါ် ပြင်ဆင်ချက်များတွင် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများလည်း ပါဝင်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စနစ်ကျပြီး ခေတ်မီသောစိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စနစ်များနှင့် တိကျမှန်ကန်သော စိုက်ပျိုးရေးနည်းပညာများ၌ ဂျပန်နိုင်ငံ၏ ကျွမ်းကျင်မှုကို အသုံးချရန် ရည်ရွယ်လျက်ရှိပါသည်။
စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းအားကို တိုးတက်ကောင်းမွန်လာစေရန်နှင့် အစားအသောက်စနစ်များကို ခေတ်မီ တိုးတက်စေရန် ဆောင်ရွက်နေသော ကြိုးပမ်းမှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိ ရပါသည်။
ထို့အပြင် ပြင်ဆင်ထားသည့်သဘောတူညီချက်အရ စိုက်ပျိုးရေးနှင့် ငါးမွေးမြုးရေးလုပ်ငန်း ဆိုင်ရာ ပူးတွဲကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းကော်မတီသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု စနစ်တကျတည်ထောင်ကာ ရေရှည်အစီအမံများကို ဆက်လက်တည်တံ့စေရန် ရည်ရွယ်ပါသည်။
ဌာနအနေဖြင့် မေလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့ထိ ဂျပန်နိုင်ငံသို့ သွားရောက်မည့် သမ္မတ Ferdinand Marcos Jr. ၏ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချွန်လွှာကို အပြီးသတ်လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း၊ ၎င်းခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(JPEPA) အရ ဂျပန်နိုင်ငံတွင် လတ်ဆတ်သော ငှက်ပျောသီးများအပေါ် အခွန်နှုန်းထား ပိုမိုလျော့ချရေး တောင်းဆိုချက်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသော နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှု များကို ဆက်လက်တိုးတက်မှုရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
JPEPA အရ ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် အောက်တိုဘာလနှင့် မတ်လကြား ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးအပေါ် အခွန် ၈ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ အခွန် ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ဖိလစ်ပိုင်ဌက်ပျောသီးများသည် ဂျပန်ဈေးကွက်တွင် သိသာသော ဈေးကွက်ဝေစုကို ထိန်းချုပ်ထားဆဲဖြစ်ပြီး အခွန်နှုန်းထားနည်းသောနိုင်ငံများသည် ၎င်းတို့၏ ပို့ကုန်များကို တဖြည်းဖြည်း နေရာယူလာကြသဖြင့် ၎င်း၏လွမ်းမိုးမှုကို ကျဆင်းမှေးမှိန် လာစေနိုင်ပါသည်။
စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ ဂျပန်နိုင်ငံတွင် ဖိလစ်ပိုင်ရှောက်ချိုသီး (pomelos) နှင့် ဖိလစ်ပိုင်နိုင်ငံ၌ ဂျပန်စပျစ်သီးများအတွက် ဈေးကွက်သစ်ဝင်ရောက်မှုအခွင့်အလမ်း တိုးတက် လာရန် စောင့်မျှော်နေကြောင်း သိရှိရပါသည်။
မေလ ၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Kazuya Endo နှင့် အဆင့်မြင့် ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နှစ်ဦးနှစ်ဖက်စလုံးမှ ဇီဝဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေး နည်းပညာ များ အပါအဝင် ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ ကြောင်း စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
Francisco Tiu Laurel Jr. က ဂျပန်နိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်အဆင့်ခရီးစဉ် သည် စားနပ်ရိက္ခာဖူလုံမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်ပြောင်းလဲမှု ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲမှုနှင့် ဆက်လက်တည်ရှိမှုကို အတည်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဦးစားပေးလုပ်ငန်းများကို ကိုက်ညီအောင် ဆောင်ရွက်နိုင်ရန်နှင့် ဖိလစ်ပိုင် လယ်သမားများနှင့် ငါးဖမ်းလုပ်သားများကို တိုက်ရိုက်အကျိုးရှိစေမည့် အစီအစဉ်များကို အရှိန်မြှင့်တင်နိုင်ရန် အခွင့် အလမ်းတစ်ရပ်ကိုလည်း ပေးစွမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Manila Bulletin, 7 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
