ယခုနှစ် ပေါင်မြို့နယ်ဒေသထွက် ရာသီစာမင်းဂွတ်သီးများ စျေးကောင်းရရှိ

Powered by Drupal

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက် ရာသီစာမင်းဂွတ်သီးများ ယခုနှစ် ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြ တယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။

    ပေါင်မြို့နယ်ထွက်အအေးဓာတ်စာမင်းဂွတ်သီးများမှာ စျေးကွက်အတွင်း ဝယ်ယူ စားသုံးသူ များပြားနေတာကြောင့် စတင်ခူးဆွတ်ချိန်မှ ယနေ့အထိ စျေးကောင်းရရှိ နေဆဲဖြစ်တယ်လို့ ပေါင်မြို့နယ်မှ မင်းဂွတ်ရောင်းဝယ်ရေးဒိုင်တစ်ဦးက ပြောသည်။

    "ဒီနှစ် စခူးတဲ့အချိန်ကတည်းက စျေးကောင်းရတယ်၊ အခုချိန်ထိလို့ပြောလို့ရတယ်၊ စျေးကွက်မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက်မင်းဂွတ်ကို ရသလောက်ပွဲရုံက ယူနေတယ်။ အခုက ရာသီဥတု အရမ်းပူတယ်လေ၊ မင်းဂွတ်က အအေးဓာတ်စာဆိုတော့ ဝယ်စားကြတာလဲပါတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရမယ်" ဟု ၎င်းက ပြောသည်။

    ယခုနှစ် မင်းဂွတ်သီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် (၇၀၀) ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံးကို (၅၀၀) ကျပ်ခန့် စျေးကွက်အတွင်းပေါက်စျေးရှိခဲ့ပြီး လက်ရှိစျေးမှာ (၄၀၀) ကျပ်ဝန်းကျင်ခန့်သာ လျော့ကျသွားတယ်လို့ ၎င်းက ဆက်ပြော သည်။

   ရာသီစာမင်းဂွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းဂွတ်သီးများကို ဒေသတွင်းစားသုံးရောင်းချမှုများအပြင် အလုံး (၁၅၀)ပါ ပလတ်စတစ် ကဒ်ဖာခြင်းများဖြင့် ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချ ကြောင်း ပေါင်မြို့နယ်အရောင်းဒိုင်များမှ သိရသည်။

    ဒေသထွက် မင်းဂွတ်သီးကို တောင်ပေါ်သီးနှင့် ရွာသီးဟု ဒေသအတွင်း ခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော်လည်း အခွံထူကာ အချဉ်ဓါတ်နည်းနည်း ဖောက်ပြီး ရွာသီးမှာအခွံပါးကာပိုချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်ကြောင်း မင်းဂွတ်ခြံပိုင်ရှင် များထံမှ သိရသည်။

    ဒါအပြင် ယခုလို ပူပြင်းတဲ့ကာလမှာ အပူဓါတ်ကိုသက်ရောက်စေသည့် ဒူးရင်းသီးကို စားသုံးပါက ဆန့်ကျင်ဘက် အအေးဓာတ်စာ မင်းဂွတ်သီးနှင့် တွဲဖက် စားသုံးသင့်တယ်လို့ ခြံပိုင်ရှင်များမှ အကြံပြုပြောဆိုခဲ့သည်။

DOCA (မွန်)