ဗီယက်နမ်ဒူးရင်းသီးများအတွက် ပို့ကုန်လိုအပ်ချက်များ ဖြေလျော့ပေးမည့်အိန္ဒိယ

Powered by Drupal

         အိန္ဒိယသည် ဗီယက်နမ်မှတင်သွင်းသည့် လတ်ဆတ်သောဒူးရင်းသီးများအတွက် အထူးတင်သွင်းမှုစည်းကမ်းချက်များနှင့် ထပ်ဆောင်းအပင်ကျန်းမာရေးဆိုင်ရာ ကြေညာချက်များကို ဖယ်ရှားပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ထိုအပြောင်းအလဲကြောင့် အာရှ၏အကြီးဆုံး စားသုံးသူဈေးကွက်တစ်ခုသို့ ဗီယက်နမ်ဒူးရင်းတင်ပို့မှု ပိုမိုလွယ်ကူလာမည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ အဆိုပါအချက်ကို Vietnam Sanitary and Phytosanitary Notification Authority and Enquiry Point က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်နိုင်ငံများအတွက် မေလ ၁ ရက်မှ ၁၅ ရက်အထိ အစားအသောက်ဘေးကင်းရေးနှင့် အပင်၊ တိရစ္ဆာန် ကန့်သတ်စစ်ဆေးရေးဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ အိန္ဒိယ၏နောက်ဆုံး SPS အသိပေးချက်တွင် တင်သွင်းသည့်အပင်များအတွက် အပင်ကျန်းမာရေး ဆိုင်ရာစည်းမျဉ်းများကို ပြင်ဆင်ရန်စီစဉ်နေကြောင်း ဖော်ပြထားပါသည်။ အဆိုပြုထားသော ပြင်ဆင်ချက်များအရ ဗီယက်နမ်မှတင်ပို့သည့် လတ်ဆတ်သော ဒူးရင်းသီးများသည် အပင်ကျန်းမာရေးလက်မှတ်တွင် ထပ်ဆောင်းကြေညာချက်များ တင်ပြရန်မလိုအပ်တော့သလို အထူးတင်သွင်းမှုစည်းကမ်းချက်များနှင့်လည်း မသက်ဆိုင်တော့ကြောင်း သိရပါသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုကို ဗီယက်နမ်ဒူးရင်းလုပ်ငန်းအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် အဖြစ်သုံးသပ်နေကြပြီး အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ လျော့နည်းလာကာ တင်ပို့မှု လမ်းကြောင်း ပိုမိုချောမွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ သို့သော် စည်းမျဉ်းသစ်များသည် ဇူလိုင် ၃ ရက်အထိ အများပြည်သူဆိုင်ရာ ဆွေးနွေးအကြံပြုကာလအတွင်း ရှိနေဆဲဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီချက်များမပြုလုပ်မီ အခြေအနေများကို ဆက်လက်စောင့်ကြည့်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရပါသည်။ စည်းမျဉ်းများ တရားဝင်အကျိုးသက်ရောက်မှု ရရှိပြီးမှသာ ဆောင်ရွက်ခြင်းသည် နောက်ဆုံးမိနစ် မူဝါဒပြောင်းလဲမှု အန္တရာယ်ကို လျှော့ချနိုင်မည်ဟုလည်း သုံးသပ်ထားကြောင်း သိရပါသည်။ အိန္ဒိယသည် လူဦးရေ ၁ ဘီလီယံကျော်ရှိသော အာရှ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး တရုတ်ပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ ပိုမိုအဆင်ပြေသည့် နည်းပညာဆိုင်ရာစည်းကမ်းချက်များအောက်တွင် ဗီယက်နမ် ဒူးရင်းများဝင်ရောက်နိုင်ခြင်းသည် လာမည့်နှစ်များအတွင်း တင်ပို့မှုတိုးတက်ရေးအတွက် အရေးကြီးသော အခွင့်အလမ်းသစ်တစ်ရပ်ဖြစ်လာမည်ဟု မြင်တွေ့ထားကြောင်း သိရပါသည်။ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ဒူးရင်း တင်ပို့မှုသည် အမြင့်ဆုံးရာသီမဝင်ရောက်သေးသော်လည်း ပမာဏနှင့် တန်ဖိုးနှစ်မျိုးစလုံးတွင် သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်ချဲ့ထွင်ရေးနှင့် အမှတ်တံဆိပ် တည်ဆောက်ရေးလုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၂ သန်းရောက်ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)