
တရုတ်နိုင်ငံ၏ မိုဟန်နယ်စပ်ဂိတ်သည် ထိုင်းဒူးရင်းသီးတင်ပို့ရာတွင် အဓိကဝင်ပေါက် တစ်ခု ဖြစ်လာသည်။ အဆိုပါဂိတ်မှတစ်ဆင့် ၂၀၂၆ ခုနှစ် ပထမလေးလပတ်တွင် လတ်ဆတ်သော ဒူးရင်းသီး တင်သွင်းမှုသည် တန်ချိန် (၁၂၁,၀၀၀) ထိ မြင့်တက်လာခဲ့ပြီး ယင်းသို့ မြင့်တက်လာရ ခြင်းမှာ ရထားလမ်းပန်း ထောက်ပံ့ပို့ဆောင်ရေး ပိုမိုကောင်းမွန်လာခြင်းနှင့် အရှေ့တောင်အာရှ သစ်သီးအပေါ် တရုတ် ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။
ယူနမ်ပြည်နယ် တရုတ်-လာအိုနယ်စပ်တွင် တည်ရှိသော မိုဟန်နယ်စပ်ဂိတ်သည် လတ်ဆတ် သော ဒူးရင်းသီး အမြောက်အမြား ဈေးကွက်သို့ ဝင်ရောက်လာချိန်ဖြစ်သော သီးနှံ ရိတ်သိမ်းချိန် ကာလအတွင်း ဒူးရင်းသီးတင်သွင်းမှု အမြင့်ဆုံးပမာဏကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ကူမင်း မြို့ရှိ စီးပွားရေးရာရုံးမှ ထုတ်ပြန်ခဲ့သည်။ နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် လတ်ဆတ်သော ဒူးရင်းသီးများမှာ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံမှ တင်သွင်းလာကြခြင်း ဖြစ် ကြောင်း သိရှိရပါသည်။
ကူးမင်းမြို့ရှိ အကောက်ခွန်ဌာနမှ ကိုးကားထားသော အချက်အလက်များအရ မိုဟန်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဒူးရင်းသီး တန်ချိန် ၁၂၁,၀၀၀ တန် တင်သွင်းခဲ့ပြီး အဆိုပါ ပမာဏသည် ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက ၁.၇ ဆထိ တိုးလာကြောင်း အဆိုပါရုံးမှ ပြောကြားချက်အရ သိရှိရပါသည်။ ယင်းပမာဏသည် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှု စုစုပေါင်း၏ သုံးပုံတစ်ပုံကို ကိုယ်စား ပြုပါသည်။
၂၀၂၆ ခုနှစ် ဧပြီလတစ်လတည်းအတွင်းပင် အဆိုပါ စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဒူးရင်းသီး တင်သွင်းမှုပမာဏသည် တန်ချိန် ၈၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ယင်းသည် ရာသီအလိုက် ဝယ်လိုအားကောင်းမှုနှင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော သစ်သီးများအတွက် သယ်ယူပို့ ဆောင်ရေး ဗဟိုချက်အဖြစ် မိုဟန်၏ အရေးပါလာမှုကဏ္ဍကို ထင်ဟပ်စေပါသည်။
မိုဟန်သည် အင်ဒိုချိုင်းနား(Indochina) ကျွန်းဆွယ်နှင့် တရုတ်နိုငံကို ဆက်သွယ်ထား သော မဟာဗျုဟာကျသော ဝင်ပေါက်တစ်ခုဖြစ်သည်။ အဆိုပါဒေသသည် လာအို-တရုတ် မီးရထားလမ်းနှင့် R3A အဝေးပြေးလမ်းမကြီး နှစ်ခုစလုံးဖြင့် ချိတ်ဆက်ထားပြီး တင်ပို့သူများ အတွက် “ရထား + ကားလမ်း” သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်ခွင့်ကို အသုံးပြုနိုင်ပါသည်။
ဤကဲ့သို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အားသာချက်သည် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန် မီး ရထားဂိတ်ကို တရုတ်စျေးကွက်သို့ တင်ပို့သော အရှေ့တောင်အာရှမှ အရည်အသွေးမြင့် ကုန် ပစ္စည်းများ အထူးသဖြင့် လတ်ဆတ်သောသစ်သီးများအတွက် အရေးပါသည့် ဝင်ပေါက်များ အဖြစ် ပြောင်းလဲစေခဲ့သည်။
တရုတ်မီးရထားလမ်း ကုန်သေတ္တာဌာန ကူမင်းရုံးခွဲ (China Railway Container Kunming Branch) ၏ ဒုတိယမန်နေဂျာဖြစ်သူ Ren Zhengwei ၏ ပြောကြားချက်အရ ထိုင်း ဒူးရင်းသီးများကို မူလဒေသမှ ရည်မှန်းထားသောဒေသသို့ အမြန်ဆုံးနှုန်း သုံးရက်အတွင်း ပို့ဆောင် ပေးနိုင်ကြောင်း သိရှိရပါသည်။ အဆိုပါဝန်ဆောင်မှုသည် သယ်ယူပို့ဆောင်ရေးကုန်ကျ စရိတ်ကို ၁၅ ရာခိုင်နှုန်း၊ ထိခိုက်ပျက်စီးမှုကို ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး ဒူးရင်းသီး၏ အရည် အသွေးနှင့် လတ်ဆတ်မှုကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ကူမင်းအကောက်ခွန်ဌာန၏ အချက်အလက်အရ မိုဟန်ရထားလမ်းဂိတ်သည် ၂၀၂၆ ခုနှစ် ပထမလေးလပတ်တွင် ဒူးရင်းသီး တန်ချိန် ၃၄,၀၀၀ တန် တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁.၈ ဆတိုး၍ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိပါသည်။ ဒူးရင်း၊ မင်းဂွတ်သီး(mangosteen)၊ လေချုသီး (longan)၊ ရှောက်ချိုသီး(pomelo) နှင့် အုန်းသီး အပါအဝင် ထိုင်းသစ်သီးများသည် ဝယ်လိုအား မြင့်မားလာ၍ တရုတ်စားသုံးသူများအကြား ကျော်ကြားလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် နယ်စပ်ဂိတ် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး စနစ်များကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်လျက်ရှိပါသည်။
၎င်းတို့တွင် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန်မီးရထားဂိတ်တို့တွင် အကောက်ခွန်လုပ်ငန်းစဉ် များကို ပိုမိုမြန်ဆန်၍ အဆင်ပြေစေရန် ဆောင်ရွက်ခြင်းနှင့် စစ်ဆေးမှုနှင့် ကုန်ပစ္စည်း ရှင်းလင်းမှု လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရန် စမတ်အကောက်ခွန်စနစ်များကို အသုံးပြုခြင်းတို့ ပါဝင်ပါသည်။
တိုးတက်လာသော ထောက်ပံ့ပို့ဆောင်ခြင်းနှင့် အကောက်ခွန်စနစ်များသည် ထိုင်းနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများမှ သစ်သီးတင်ပို့မှု တိုးမြှင့်လာစေပါသည်။ အဆိုပါတိုးတက်လာမှုများ သည် ထိုင်းနိုင်ငံမှ တင်ပို့သော သစ်သီး၏ လတ်ဆတ်မှုကို ထိန်းသိမ်း ရန်နှင့် တရုတ်နိုင်ငံမှ တစ်ဆင့် မြို့များသို့ ဖြန့်ဖြူးရာတွင် ပိုမိုမြန်ဆန်ရန် ကူညီပေးလျက်ရှိပြီး တင်ပို့သူများမှဖက်မှ စားသုံးသူများ၏ လိုလားချက်မြင့်တက်လာမှုကို ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကူမင်းမြို့ရှိ စီးပွားရေးရာရုံးမှ ပြောကြားချက်အရ ထိုင်းနိုင်ငံလုပ်ငန်းရှင်းများသည် တရုတ် နိုင်ငံသို့ သစ်သီးများ တင်ပို့ရာတွင် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန်မီးရထားဂိတ်တို့၏ အသုံးဝင်မှု အပိုင်းကို ထည့်သွင်းစဉ်းစားထားသင့်ပါသည်။ နယ်စပ်စစ်ဆေးရေးဂိတ်နှစ်ခုစလုံးသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေပြီး ခိုင်မာသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အလားအလာများရှိသဖြင့် ထိုင်း သစ်သီးများ၏ အရည်အသွေးနှင့် လတ်ဆတ်မှုကို ထိန်းသိမ်းရန် အလွန်သင့်လျော်ကြောင်း သိရ သည်။
Source: The Nation Thailand, 17 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
