အုတ်တွင်းမြို့နယ်ရှိ မိုးပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

            တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ဝါးတီးကျေးရွာအုပ်စု၊ညောင်ပင်ရွာမှ ကျေးလက်နေပြည်သူ များသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဒေသတွင်းအများဆုံး စားသုံးကြပြီး ဈေးကွက်ဝင်၍ အာဟာရဓါတ်  ကြွယ်ဝသော ပြောင်းဖူးသီးနှံကို အားထားစိုက်ပျိုးကြသည်။

               ပြောင်းဖူးတွင် အဖြူမျိုး (ဖန်စီချိတ်) နှင့် အဝါမျိုး (King) ဟူ၍ နှစ်မျိုးရှိပြီး အချိန်မရွေးစိုက်၍ ရသည်ဆိုသော်လည်း မိုးရာသီစိုက်ပျိုးရခြင်းသည် ရေးသွင်းရန်မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာ စေပါသည်။

              ပြောင်းဖူးသီးနှံကို ဧပြီလကုန်မှမေလဆန်းပိုင်းတွင် စိုက်ပျိုးထားပြီး ဇူလိုင်လ ကုန်တွင် ရောင်းချ နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးအစေ့(၃၀၀၀)ပါ ၄ ထုတ် စိုက်ပျိုးရကြောင်း၊ မျိုး၊ ထွန်ယက်ခ၊ လုပ်သားခနှင့်သွင်းအားစု ကုန်ကျစရိတ်ပေါင်း ၁၂၅၀၀၀၀ ကျပ်ကုန်ကျကြောင်း၊ ဖြစ်ထွန်း လာသော သီးနှံများကို ကုန်သည်/ပွဲစားများက အပင်အရေအတွက်ဖြင့်တွက်၍ အခင်းပြတ် ဝယ်ယူကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် “သီးနှံဖြိုင်လျှင်ဈေးကွက်ယိုင်လာ” သည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိသည်။

              ယခင်နှစ်က ပြောင်းဖူးအကြီး တစ်ဖူးလျှင် ၈၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာတွင် ကုန်ကျစရိတ်နုတ်ပြီး  ကျပ်သိန်း(၅၀)ဝန်းကျင်ခန့် အမြတ်ရရှိခဲ့ကြောင်း၊ယခုနှစ် ဈေးကောင်းရမည်ဆိုပါက အကျိုးအမြတ်ပိုရရှိနိုင်ကြောင်း၊ မိုးရာသီတွင် စိုက်ပျိုးရသော ပြောင်းသီးနှံသည် ကုန်ကျစရိတ်သက်သာသော်လည်း အနှံထွက်ချိန်တွင် မိုးရွာသွန်းမှုများ ရှိသဖြင့် အပျက်အစီးများရှိနိုင်ကြောင်းပြောင်းစိုက်ပျိုးသည့် ကျေးလက်နေတောင်သူတစ်ဦးထံမှသိရှိရသည်။

DOCA(ပဲခူး)