
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မေလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိ ပါသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ (၂၃၀၀) ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူ တည်၍ တစ်ဧကအထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင် တစ်တင်း စိုက်ပျိုးရကြောင်း၊ ထောပတ်ပဲကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးကြပြီး တပေါင်းတန်ခူးတွင် အသီး များခူးဆွတ်ရကြောင်း တောင်သူများထံမှ သိရှိသည်။ ထောပတ်ပဲကို စတင်စိုက်ပျိုးချိန်မှစ၍ တစ်လခွဲ အကြာတွင် အပွင့်များစတင်ပွင့်ပြီး အပွင့်ပွင့်ချိန်တွင် အသီး အားတိုးဆေး ကောမတ်မြေဩဇာ ကျွေးရကြောင်း၊ တစ်ဧကလျှင် လုပ်သားခ၊ မျိုးအပါအဝင် ကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း စိုက်တောင်သူများထံမှ သိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ မေလ (စတုတ္ထပတ်)တွင် ကျွန်းထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် (၇၀၅၀၀) ၊ ယောထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၇၁၀၀၀)ဈေးဖြစ်ပြီး (ပထမပတ်)တွင် ကျွန်း ထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ်(၆၄၀၀၀)၊ ယောထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၆၅၀၀၀) ဖြစ်ခဲ့ ၍ယခင်(ပထမပတ်)နှင့် နှိုင်းယှဉ်ပါကတစ်တင်းလျှင် ကျပ် (၁၀၀၀၀)ခန့် ဈေးကျနေပြီး နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ (၃၀၀ မှ ၁၀၀၀)ထိ ဝင်ရောက်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်းသို့တစ်လလျှင် အိတ်ရေအားဖြင့် (၄၀၀၀)ကျော် တင်ပို့နေကြောင်း၊ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)
