
ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ၂၇-၆-၂၀၂၆ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစက်မှုကဏ္ဍ၊ အထူးသဖြင့် သီဟိုဠ်စေ့ထုတ်လုပ်ခြင်းနှင့် ဆန်ပြုပြင်ထုတ်လုပ်ခြင်း ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန် တိုက်တွန်းခဲ့သည်။ CDC ၏ အထွေထွေအတွင်းရေးမှူး Chea Vuthy နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းကုန်သည်နှင့် စက်မှုလုပ်ငန်း (ICCI) ၏ ဥက္ကဋ္ဌ Park Joo Bong ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုရာတွင် Vuthy က ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာ တိုးတက်မှုအပေါ်ကျေနပ်အားရကြောင်း ပြောကြားခဲ့ပြီး လက်ရှိခရီးစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှုတိုးလာစေရန်နှင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ သိသာထင်ရှားစွာ တိုးတက်လာစေရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများကို လေ့လာရာတွင် Vuthy က ရော်ဘာပြုပြင်ထုတ်လုပ်ရေးကဏ္ဍ၏ ခိုင်မာသောတိုးတက်မှုများ အလေးပေးပြောကြားခဲ့ပြီး ပြည်တွင်း တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် တိုးမြင့်လာသော ဝယ်လိုအားကို ထောက်ပံ့ရန်အတွက် အကျိုးကျေးဇူးများစွာရရှိရန် ရင်းနှီးမြှုပ်နှံမှုများပိုမိုလိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ရော်ဘာပြုပြင်ထုတ်လုပ်ရေးအပြင် သစ်လုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်ကြရန် အားပေးခဲ့ပြီး သစ်သားလုပ်ငန်းသည် သစ်သားပြားနှင့် အခြားပရိဘောဂထုတ်လုပ်ရေးစက်ရုံများကို ထောက်ပံ့ရန် မြင့်မားသော ဝယ်လိုအားရှိကြောင်း Vuthy ကပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Park Joo Bong က ကမ္ဘောဒီးယားနိုင်ငံ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူသဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အပေါ်စိတ်ဝင်စားကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
