အိန္ဒိယနိုင်ငံက ငါး၊ ပုစွန် မွေးမြူရေးထုတ်ကုန်များ တင်ပို့ရန် ဥရောပသမဂ္ဂ (EU) ၏ ခွင့်ပြုချက်ရရှိ

Powered by Drupal

       ဥရောပသမဂ္ဂ (EU) သည် ၎င်းတို့၏ ပြင်ဆင်သတ်မှတ်လိုက်သော လုပ်ထုံးလုပ်နည်းဘောင်အောက်တွင် လာမည့် စက်တင်ဘာလနောက်ပိုင်း၌လည်း ငါး၊ ပုစွန် မွေးမြူရေးထုတ်ကုန်များ၊ ကြက်ဥ/ဘဲဥ၊ ပျားရည်နှင့် တိရစ္ဆာန်အူချောင်းခွံများကို ၂၇ နိုင်ငံပါဝင်သော EU အဖွဲ့ဝင်နိုင်ငံများသို့ ဆက်လက်တင်ပို့ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံကို ထည့်သွင်းပေးခဲ့ကြောင်း သိရပါသည်။

         ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကြောင့် ဥရောပသမဂ္ဂသည် စည်းမျဉ်း (EU) 2021/405 အား ပြင်ဆင်ချက်တစ်ရပ်ကို အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ယခုပြင်ဆင်လိုက်သော စည်းမျဉ်းသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှစတင်၍ အာဏာတည်မည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂ (EU) သို့ သတ်မှတ်ထားသော တိရစ္ဆာန်အခြေခံထုတ်ကုန်များတင်ပို့သည့် နိုင်ငံများအတွက် နောက်ထပ်လိုအပ်ချက်များကို ပြဋ္ဌာန်းထားကြောင်း သိရပါသည်။

        ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံ ပါဝင်လာခြင်းကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင်လည်း အဆိုပါထုတ်ကုန်များကို ဥရောပသမဂ္ဂဈေးကွက်သို့ အဆက်မပြတ် ဆက်လက်တင်ပို့နိုင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ EU သို့ ငါးနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံခန့် ရှိနေသဖြင့် ယခုခွင့်ပြုချက်သည် အထူးသဖြင့် ငါးလုပ်ငန်းကဏ္ဍအတွက် များစွာအရေးပါလှ ကြောင်း သိရှိရပါသည်။

Source: the pioneer                                                                   

DOCA (ရန်ကုန်)