
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ စီးပွားရေးအဖွဲ့အစည်းများသည် အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးအလားအလာရှိသော သုံးဖက်ဆိုင် Countertrade (ကုန်စည်ချင်းလဲလှယ် ရောင်းဝယ်ရေး) နားလည်မှုစာချွန်လွှာ (MoU) နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါအခမ်းအနားကို အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က သက်သေခံတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး Santoso က Countertrade စနစ်သည် နှစ်နိုင်ငံငွေကြေးများ အပေါ်ဖိအားပေးနေသည့် ငွေလဲနှုန်းအတက်အကျများကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ မြောက် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်များမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေမှုအပေါ် မမှီခိုဘဲ ကုန်သွယ်ရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Santoso က စနစ်တကျဖွဲ့စည်းထားသော Countertrade အစီအစဉ်သည် လက်ရှိကမ္ဘာ့ကုန်သွယ်ရေး မသေချာမရေရာမှုများနှင့် ငွေကြေးဖိအားများကြားတွင် ထိရောက်သော ကုန်သွယ်ရေးကိရိယာ တစ်ခုဖြစ်လာနိုင်ကြောင်းနှင့် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများကို စည်းမျဉ်းဆိုင်ရာ လမ်းညွှန်မှု နှင့် ကုန်သွယ်ရေးအထောက်အကူပြုမှုများပေးအပ်ရန် အစိုးရအနေနှင့် အပြည့်အဝကတိပြုထားကြောင်း ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းက Countertrade စနစ်သည် ကမ္ဘာ့ဈေးကွက်မတည်ငြိမ်မှုများဖြစ်ပေါ်နေချိန်တွင် နိုင်ငံ၏နိုင်ငံခြားငွေ အရန်သိုလှောင်မှုကို ထိန်းသိမ်းနိုင်သည့် ထိရောက်သောကုန်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ လက်မှတ်ရေးထိုးခဲ့သည့် MoU နှစ်ခုအနက် ပထမသဘောတူညီချက်တွင် ဖိလစ်ပိုင်နိုင်ငံမှ Asian Pyrochem Technologies၊ PT Trade Barter Indonesia နှင့် Indonesian Garment and Textile Association တို့ ပါဝင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်အရ ဖိလစ်ပိုင်ဘက်မှ Abaca ဖိုင်ဘာကုန်ကြမ်းများကိုပေးအပ်ပြီး အင်ဒိုနီးရှားဘက်မှ အချောထည်အထည်အလိပ်ပစ္စည်းများဖြင့် ပြန်လည်လဲလှယ်မည်ဖြစ်ကာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် တန်ဖိုးရှိမည်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယ MoU တွင် Asian Pyrochem Technologies၊ PT Trade Barter Indonesia နှင့် PT Krakatau Global Trading တို့ပါဝင်ခဲ့ပြီး Krakatau Steel ၏ နှစ်စဉ်ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဖိလစ်ပိုင်သံသတ္တုရိုင်းနှင့် သံမဏိထုတ်ကုန်များကို လဲလှယ်မည်ဖြစ်ကာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါသည်။ Santoso က ထိုစီမံကိန်းနှစ်ခုသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်ပြီးအပြန်အလှန်အကျိုးရှိစေမည့် ကုန်သွယ်ရေးဖြေရှင်းနည်းများကို ဖော်ဆောင်လိုသော စိတ်အားထက်သန်မှုကို ပြသနေကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေပြီး အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ MoU လက်မှတ်ရေးထိုးပွဲနှင့်အတူ ဖိလစ်ပိုင်ကိုယ်စား လှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် စီးပွားရေးချိတ်ဆက်ရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဖိလစ်ပိုင်ဈေးကွက်တွင် အလားအလာကောင်းများရှိသည့် အဓိကကုန်စည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ စီးပွားရေးများသည် ခိုင်မာသော အခြေခံများရှိကြောင်း သုံးသပ်ထားကြပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၁၆ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ ကုန်သွယ်ရေးပိုငွေ (Trade Surplus) ရရှိခဲ့ကြောင်း သိရပါသည်။ ထိုပမာဏမှာ ၂၀၂၅ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၀၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှား၏ တင်ပို့မှုများသည် နှစ်စဉ်ပျမ်းမျှ ၁.၆၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အကြား စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂.၀၂ ဘီလီယံ ရှိခဲ့ပြီး အင်ဒိုနီးရှားဘက်မှ အမေရိကန်ဒေါ်လာ ၈.၄၂ ဘီလီယံ ကုန်သွယ်ရေးပိုငွေ ရရှိခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
