
ဂျပန်နိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များသည် အိမ်ထောင်စုငယ်များအတွက် သင့်လျော်သည့် အလေးချိန် ၁.၅ ကီလိုဂရမ်အောက်ရှိ ထိုင်းဒူးရင်းအသေးစားများကို စိတ်ဝင်စားနေကြောင်း ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DIT) ၏ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ပြောကြားခဲ့ပါသည်။ ၎င်းက ထိုဒူးရင်းများသည် အိမ်ထောင်စုငယ်များ အသုံးပြုရန်သင့်တော်ပြီး ဂျပန်စားသုံးသူများ၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။ Thaifex-Anuga Asia 2026 ပြပွဲအတွင်း ဂျပန်သွင်းကုန်လုပ်ငန်းရှင်များသည် ဂျပန်ဈေးကွက်အတွက် အခွံခွာထားသောဒူးရင်းကို အထုပ်ငယ်များဖြင့်ထုတ်လုပ်တင်ပို့နိုင်မည့် ထုပ်ပိုးရေးလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များကိုရှာဖွေရန် DIT နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ပြပွဲတွင်ပြသခဲ့သည့် အရည်အသွေးမြင့်သစ်သီးဝလံနှင့် ဆန်ထုတ်ကုန်ပြခန်းသည် ပြည်တွင်းနှင့် နိုင်ငံတကာဝယ်ယူသူများထံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများရရှိခဲ့ပြီး ပြပွဲကာလအတွင်း စုစုပေါင်း ဘတ် ၃၃၅ သန်းတန်ဖိုးရှိသည့် အော်ဒါများရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ အော်ဒါများတွင် လတ်ဆတ်သောနှင့် ပြုပြင်ထုတ်လုပ်ထားသော သစ်သီးဝလံ ၁,၉၂၁ တန်ကို ဘတ် ၂၂၂ သန်းတန်ဖိုးဖြင့် ရောင်းချနိုင်ခဲ့ပြီး အရည်အသွေးမြင့် ဆန် ၈၀၉ တန်ကို ဘတ် ၁၀၉ သန်းတန်ဖိုးဖြင့်လည်းကောင်း၊ အရက်ပုလင်း ၅,၄၉၀ ကို ဘတ် ၃.၄၅ သန်းတန်ဖိုးဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့သည်ဟု သိရပါသည်။ Mr Wittayakorn က ပြပွဲပြီး နောက်တွင်လည်း ဆက်လက်ရရှိမည့် အော်ဒါများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ ၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များ အထူးသဖြင့် သစ်သီးဝလံထုတ်လုပ်မှုသည် ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာနိုင်ခြေရှိသဖြင့် ယခုကဲ့သို့ ပြပွဲများက ဈေးကွက်အခွင့်အလမ်းများဖန်တီးပေးကာ ထိုင်းသစ်သီးဝလံများ၏ ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုကြောင်း သိရပါသည်။ ထို့ပြင် နာမည်ကျော် ဂျပန် content creator ဖြစ်သူ NipponBoyz နှင့် ပူးပေါင်းဆောင်ရွက်သည့် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကြောင့် ထိုင်းသစ်သီးဝလံများအပေါ် အသိအမြင် မြင့်မားလာပြီး ဂျပန်ဈေးကွက်တွင် စားသုံးသူအခြေခံကို ပိုမိုချဲ့ထွင်နိုင်ခဲ့ကြောင်း DIT က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
