
အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် မေလတွင် လေးလအတွင်းအနိမ့်ဆုံးအဆင့်မှ ပြန်လည်ဦးမော့ကာ အနည်းငယ်မြင့်တက်လာခဲ့သော်လည်း ပုံမှန်အဆင့်အောက်တွင်သာ ရှိနေသေးကြောင်းနှင့် အဆိုပါအကြောင်းအရင်းမှာ စားအုန်းဆီ၏ ဈေးနှုန်းအသာစီးရမှု ကျဉ်းမြောင်း သွားပြီးနောက် ဆီသန့်စင်လုပ်ငန်းများက ဈေးနှုန်းပိုမိုသက်သာသော ပဲပုပ်ဆီများကို ပိုမိုဝယ်ယူခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံထိပ်တန်းစက်မှုလုပ်ငန်းအဖွဲ့တစ်ခုမှ ပြောကြားချက်အရ သိရပါသည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီဝယ်ယူသူဖြစ်သော အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ပုံမှန်ထက် လျော့နည်းနေခြင်းကြောင့် ထိပ်တန်းထုတ်လုပ်သည့် နိုင်ငံများဖြစ်ကြသော အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် လက်ကျန်ဆီပမာဏ ပိုမိုများပြားလာနိုင်ပြီး မလေးရှားစားအုန်းဆီ အနာဂတ်ကာလပေါက်ဈေးအပေါ် ဖိအားများဖြစ်ပေါ်လာစေနိုင်ကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံ၏ မေလအတွင်း စားအုန်းဆီတင်သွင်းမှုသည် ဧပြီလထက် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၅၄၉,၃၅၆ ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဆီထုတ်လုပ်သူများအသင်း (SEA) မှထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။
ပဲပုပ်ဆီတင်သွင်းမှုသည် ၃၇ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၄၉၃,၈၅၄ တန်ခန့်ရှိခဲ့ပြီး နေကြာဆီတင်သွင်းမှုမှာမူ ၃၂ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကာ တန်ချိန် ၂၉၅,၇၂၆ တန်ခန့် ရှိခဲ့ကြောင်း အဆိုပါကုန်သွယ်ရေးအဖွဲ့မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။
စားအုန်းဆီနှင့် ပဲပုပ်ဆီ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် မေလတွင် စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်လထက် ၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တန်ချိန် ၁.၃၇ သန်း တန်အထိရှိခဲ့ပြီး သုံးလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း SEA က ပြောကြားခဲ့ပါသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ခဲ့သော ၂၀၂၆/၂၇ ဘဏ္ဍာရေးနှစ် (ကုန်သွယ်မှုနှစ်) ၏ ပထမခုနစ်လအတွင်း အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်နှစ် အလားတူကာလထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၉.၂ သန်းတန်အထိ ရှိခဲ့ကြောင်း SEA က ပြောကြားခဲ့ပါသည်။
ဇွန်လတွင် စားအုန်းဆီတင်သွင်းမှုသည် တန်ချိန် ၆၀၀,၀၀ တန်ထက် ကျော်လွန်လာနိုင်ပြီး ပဲပုပ်ဆီတင်သွင်းမှုမှာမူ တန်ချိန် ၃၅၀,၀၀တန်ဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း Gujarat ပြည်နယ်အနောက်ပိုင်း Rajkot မြို့ရှိ GGN Research ကုန်သွယ်ရေးလုပ်ငန်းမှ စီမံခန့်ခွဲမှု မိတ်ဖက်ဖြစ်သူ Rajesh Patel က ပြောကြားခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏စားအုန်းဆီ အများစုကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မှာယူတင်သွင်းပြီး၊ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကိုမူ အဓိကအားဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
