
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ မြောက်လူးကန်၊ ဘုန်းကံ ၊ မီးသွေးကန် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားထား၍ စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့ နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၌ ပဲစင်းငုံစိုက်ဧက (၄၈၈၆)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရှိရပါသည်။ ကဆုန်၊ နယုန်၊ ဝါဆိုလများတွင် စိုက်ပျိုးကြပြီး နတ်တော်၊ ပြာသို၊ တပိုတွဲလ များတွင် ရိတ်သိမ်းရသဖြင့် သက်တမ်း(၇)လ မှ (၈)လခန့် ကြာမြင့်သည်။
ပဲစင်းငုံတစ်ဧက စိုက်ပျိုးရန် မျိုးစေ့ (၂)ပြည်အသုံးပြုပြီး ပဲတီစိမ်းနှင့်သီးညှပ်စိုက်ပျိုးပါသည်။ မျိုးစေ့ဖိုး၊ မြေပြုပြင်ခ နှင့် ထွန်ယက်ခ၊ အလုပ်သမားခ၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် ခြွေလှေ့ခ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ် ကျပ်(၂-၃)သိန်းခန့် ကုန်ကျကြောင်း၊ ပဲစင်းငုံသည် ရေသွင်းရန်မလိုဘဲ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိခြင်း၊ ပိုးသတ်ဆေးနှင့် သွင်းအားစု သုံးစွဲမှုနည်းခြင်းတို့ကြောင့် ကုန်ကျစရိတ် သက်သာ ကြောင်း၊ ယခင်နှစ်တွင် မိုးနည်း၍ အထွက်နှုန်း(၆)တင်းခန့်သာ ထွက်ရှိသောကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါသော်လည်း ပဲစင်းငုံသီးနှံသည် ကုန်ကျစရိတ် သက်သာပြီး တွက်ခြေကိုက်သော သီးနှံဖြစ်၍ ယခုနှစ်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးကြပြီး သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်မိ ကြောင်း စိုက်တောင်သူထံမှ သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်၌ (၁၀.၆.၂၀၂၆)ရက်နေ့တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၉၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ကျပ်(၁)သိန်းကျော်ထိ ဈေးပေါက်ခဲ့ပြီး ယခု ပြည်ပဝယ်လိုအားပါးသဖြင့် ဈေးအနည်းငယ်ပြန်လည်အေးပြီး ဈေးအကျဘက်သို့ ဦးတည်နေ ကြောင်း၊ ပြည်တွင်းစားသုံးမှုနည်းပြီးပြည်ပဝယ်လိုအားပေါ်တွင် ရာနှုန်းပြည့်နီးပါးမှီခိုနေရသော ပို့ကုန် သီးနှံဖြစ်သောကြောင့် ဈေးအတက်/အကျ လှုတ်ခတ်မှုရှိကြောင်း ကုန်သည်များ၏ ပဲဈေးကွက် သုံးသပ် ချက်အရ သိရှိရပါသည်။
DOCA(မကွေး)
