
ကယားပြည်နယ်သည် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်မျှတသော ဒေသဖြစ်သည့်အတွက် ပဲတောင့်ရှည်အပါအဝင် ဟင်းသီးဟင်းရွက်များနှင့် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက်တစ်နိုင် တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်တွင် ပဲတောင့်ရှည်ကိုလွိုင်ကော်မြို့နယ် နှင့်ဒီးမော့ဆိုမြို့နယ်များတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ပဲတောင့်ရှည်စိုက်ပျိုးရာတွင်အစေ့တိုက်ရိုက် ချစနစ်ဖြင့် စိုက်ပျိုးကြပြီး၊ အပင်ရှည်နွယ်တက်မျိုးဖြစ်ပါက အနည်းဆုံး(၇)ပေခန့်ရှိသော ဝါးတိုင် များထောင်စိုက်ပျိုးကြပါသည်။တစ်ဧကလျှင် တိုင်ထောင်မျိုးအတွက် ၄-၅ကီလိုဂရမ် (၂ ပိဿာမှ၃ ပိဿာခန့်)လိုအပ်ပါသည်။ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီးတစ်တန်းနှင့်တစ်တန်း ၃ ပေ၊ တစ် ပင်နှင့်တစ်ပင် ၉-၁၀ လက်မခွာ၍ စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင်သဘာဝ နွားချေး (၁၀) တန်၊ ယူရီးယား (၂၂၄)ပေါင်ခန့်ကို အချိုးကျရောစပ်၍ မြေဩဇာထည့်ပေးရပါသည်။ ပဲတောင့်ရှည်သည် အပူ ချိန်(၂၂-၂၅)ဒီဂရီစင်တီဂရိတ်အတွင်း အကောင်းဆုံးဖြစ်ထွန်းသဖြင့် ကယားပြည်နယ်၏အရမ်းမအေး လွန်းမပူလွန်းသော ရာသီဥတုနှင့်ကိုက်ညီမှုရှိပါသည်။ ရေဝပ်ခြင်းမရှိဘဲ ရေနှုတ်စနစ်ကောင်းမွန်သော ယာမြေ၊ သဲဆန်သော မြေများနှင့် မြေဆီလွှာကောင်းမွန်သောမြေများတွင် စိုက်ပျိုးကြပါသည်။ ပဲတောင့် ရှည်ကို စိုက်ပျိုးပြီး(၁)လကျော် (ရက်ပေါင်း ၄၀ မှ ၅၀ ဝန်းကျင်)တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၁)လကျော်ကြာသည့်အထိ အဆက်မပြတ်ခူးဆွတ်ရောင်းချနိုင်သောကြောင့် တောင်သူများအတွက် နေ့စဉ်ပုံမှန်ဝင်ငွေရစေသော သီးနှံဖြစ်ပါသည်။ ပဲတောင့်ရှည်မြေ တစ်ဧကစိုက်ပျိုးရာတွင် စုစုပေါင်း ကုန်ကျစရိတ်(၁၅)သိန်းမှ(၁၆)သိန်းအထိ ကုန်ကျနိုင်ပြီးအပင် သက်တမ်းတစ်လျှောက် (ခူးဆွတ်ချိန် ၂လမှ၃လအတွင်း)ပိဿာချိန် ၃၀၀၀ မှ၅၀၀၀ ဝန်းကျင်ထွက်ရှိနိုင်ပါသည်။ ပဲတောင့်ရှည်သည်တိုင် ထောင်ပြီး စင်တင်ပေးရသည့်သီးနှံဖြစ်သဖြင့် ဝါးတိုင်များကို ခိုင်ခံ့ပြီးအလင်းရောင်နှင့် လေဝင်လေ ထွက်ကောင်းမှသာ အထွက်နှုန်းပိုမိုကောင်းမွန်နိုင်ပါသည်။ ယခင်ကကယားပြည်နယ်တွင် စီးပွားဖြစ် စိုက်ဧကများစွာ စိုက်ပျိုးသော်လည်း ယခုအခါတွင်မူမိသားစုတစ်နိုင်တစ်ပိုင် အနည်းငယ်သာစိုက်ပျိုး ကပါသည်။ လွိုင်ကော်မြို့ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောဒေသ ထွက်ပဲတောင့်ရှည် ငါးတောင့်ပါတစ်စည်းလျှင် (၁၀၀၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)
