
အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပဲခွဲစက်လုပ်ငန်းရှင်များအသင်းက အစိုးရအနေဖြင့် ပဲရောင်းမှုချကို နှစ်လတာ ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့အပြီးတွင် ဗဟိုအစိုးရအေဂျင်စီတစ်ခုဖြစ်သော အမျိုးသား သမဝါယမ စားသုံးသူအသင်းချုပ် (National Cooperative Consumer Federation) သည် ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီမှ ဝယ်ယူစုဆောင်းခဲ့သော ပဲစင်းငုံများအား ယခင်သီတင်းပတ်၌ တင်ဒါများ ခေါ်ယူရောင်းချထားရှိခဲ့ခြင်းကို ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။
ယခုနှစ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှု ကို ကြုံတွေ့လာရပါက အစိုးရ၏ လက်ဝယ်၌ အရန်ရိက္ခာ လုံလောက်စွာ သိုလှောင်ထားမှု သေချာ စေရေးအတွက် အစိုးရအနေဖြင့် သီးနှံများ စိုက်ပျိုးပြီးစီးချိန်အထိ စောင့်ဆိုင်းပေးရန် အဆိုပါ လုပ်ငန်းရှင်များက လိုလားလျက်ရှိသည်။ အကယ်၍ အစိုးရက ၎င်း၏အရန်သိုလှောင်ထားသော ပဲများကို ထုတ်ရောင်းပါက ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ လက်ဝယ်သို့သာ ရောက်ရှိအဆုံးသတ်ပြီး ဈေးနှုန်းထိန်းချုပ်ခံရမည့်အရေးကို ပဲခွဲစက်လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြသည်။
အစိုးရထံ၌ အရန်ပဲများရှိနေခြင်းသည် စားသုံးသူများအတွက် ဈေးနှုန်းဖောင်းပွမှုဖိအားများ မှ သက်သာစေမည်ဖြစ်ပြီး ဈေးကစားလုပ်ကိုင်မှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်းကို ဖြတ်တောက် နိုင်မှုနှင့်အတူ ပဲကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ကုန်ကြမ်းရရှိ မှုကို အထောက်အကူပြုမည်ဖြစ်သည်။
အဆိုပါပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Suresh Agarwal က အစိုးရ မိုးလေ ဝသအေဂျင်စီ၏ ခန့်မှန်းချက်အတိုင်း အိန္ဒိယနိုင်ငံအနေဖြင့် ပုံမှန်အောက် နိမ့်ကျသည့် မိုးရွာသွန်းမှု နှင့် ကြုံတွေ့ရပါက ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကဲ့သို့သော မိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အပေါ် ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း၊ ထုတ်လုပ်မှုလျော့ကျပါက ဈေးနှုန်းများ ထိန်းချုပ်ရာတွင် အစိုးရ၏ အရန်သိုလှောင်ထားရှိမှုသည် အသုံးဝင်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိုးရွာသွန်းမှုနှင့် စိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းစွာ သိရှိနိုင်မည့်ကာလအထိ နှစ်လတာမျှ စောင့်ဆိုင်းပေးရန် ၎င်းတို့အနေဖြင့် အစိုးရထံ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်ဆုံးထုတ်ပြန်ထားရှိသော အချက်အလက်များအရ ၂၀၂၆ ခုနှစ် မေလအထိ အစိုးရ လက်ဝယ်တွင် ပဲမျိုးစုံ တန်ချိန် ၄၃ သိန်းကို အရန်သိုလှောင်ထားပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် အလားတူကာလများ၌ သိုလှောင်ခဲ့မှုထက် နှစ်ဆကျော် ပိုမိုလျက်ရှိရာ လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း အများဆုံးအဆင့်ပင်ဖြစ်ကြောင်း၊ ၎င်းပမာဏအနက် ပဲစင်းငုံ အရန်သိုလှောင်ထား ရှိမှုသည် တန်ချိန် ၅.၃၄ သိန်းကျော်နှင့် ကုလားပဲ အရန်ရိက္ခာသည် တန်ချိန် ၂၀.၃၅ သိန်းရှိကြောင်း သိရှိရသည်။
Source: Economic Times, 12 Jun 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
