
အိန္ဒိယနိုင်ငံမှတင်ပို့သည့် ဘာစမာတီမဟုတ်သောဆန်ဖြူများတွင် မျိုးဗီဇပြုပြင်ထားသည့် (GMO) ဆန်များပါဝင်သည်ဟု ပြောဆိုလျက် တရုတ်နိုင်ငံဘက်မှ တင်သွင်းခွင့်ငြင်းပယ်ခဲ့အပြီး အိန္ဒိယလယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာ ပိုင်အဖွဲ့ (APEDA) သည် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ် (SOP) များကို ထုတ်ပြန်ခဲ့ရာ ဇွန်လ ၉ ရက်နေ့မှ စတင်သက်ဝင်ခဲ့ပြီဖြစ်သည်။
အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှုပမာဏ ကျဆင်းနေချိန်၌ အိန္ဒိယဆန်ကွဲအပေါ် ဝယ်လို အားကောင်းမွန်ပြီး ဆွဲဆောင်မှုရှိသည့် အိမ်နီးချင်းနိုင်ငံဈေးကွက်တွင် ၎င်းတို့၏ အခြေချရပ်တည် မှုကို ကာကွယ်နိုင်ရန် အဆိုပါ စံပြုလုပ်ငန်းစဉ်များကို APEDA က ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။
ဇွန် ၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အသိပေးနှိုးဆော်စာတွင် APEDA မှ အထွေထွေမန်နေဂျာ Vinita Sudhanshu က တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အပင်နှင့် တိရစ္ဆာန်များ ရောဂါကင်းစင် ကျန်းမာသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု သေချာစေရေး ပို့ကုန်လုပ်ငန်းရှင်များနှင့် အခြားသက်ဆိုင်သူများအတွက် လမ်းညွှန်ချက်အဖြစ် အဆိုပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အာဏာပိုင်အဖွဲ့ထံ ပို့ကုန်ဆိုင်ရာမှတ်ပုံတင်မှုနှင့် တင်ပို့ခွင့်ခွဲဝေလျာထားချက် အသိအမှတ်ပြုလက်မှတ် (RCAC) လျှောက်ထားမှု အားလုံးအတွက် ဇွန် ၉ ရက်နေ့မှ စတင် သက်ရောက်မှုရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ရည်ရွယ်သည့် မည်သည့်ဆန်တင်ပို့မှု မဆို အကျုံးဝင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အာဖရိကသို့ ဆန်တင်ပို့ရန် ဈေးကွက်ဝေစု ပြည့်ကျပ်နေချိန်၌ တရုတ်နိုင်ငံသည် အရေးပါ သော ဈေးကွက်တစ်ခုဖြစ်လာပြီး GMO ဆန်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ပေါ်မှုကို ဖြေရှင်း နိုင်မည့် အစိုးရ၏ စံပြုလုပ်ငန်းစဉ်များ ထုတ်ပြန်ခြင်းအပေါ် ကြိုဆိုကြောင်း ဆန်တင်ပို့သူ လုပ်ငန်း ရှင်များအသင်း၏ ဥက္ကဋ္ဌ B V Krishna Rao က ပြောဆိုခဲ့သည်။ သို့သော် ဆန်တင်ပို့ရန် စာချုပ်ချုပ် ဆိုထားရှိမှုများနှင့် တင်ပို့မှုဆောင်ရွက်ဆဲလုပ်ငန်းများကို အဆိုပါစနစ်အောက်တွင် ကူးပြောင်းချိန် ကာလ စီမံဆောင်ရွက်မှုအဖြစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ခွင့်ပြုသင့်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင် များအတွက် ပြင်ဆင်ချိန်လုံလောက်စွာ ရရှိစေရန် SOP ကို အကောင်အထည်ဖော်ခြင်းအား ဩဂုတ် ၁ ရက်မှသာ စတင်ရန် အဆိုပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မေလနောက်ဆုံး ရက်သတ္တပတ်၌ ကျင်းပခဲ့သော ဘာစမာတီမဟုတ်သောဆန် လုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေအစည်းအဝေးတွင် ဆန်တင်ပို့သူလုပ်ငန်းရှင်အချို့က အာဖရိကဒေသရှိ ဆီနီဂေါ၊ ဘာကီနာဖာဆို၊ ဘီနင်နှင့် ဆူဒန်တို့ကဲ့သို့သော နိုင်ငံများသည် ဆန်တင်သွင်းမှု လျှော့ချ မည့် အစီအမံများကို လုပ်ဆောင်လာကြသဖြင့် အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှု အပေါ် ရိုက်ခတ်မှုရှိသည်ဟု တင်ပြခဲ့ကြသည်။ ၎င်းအစည်းအဝေးတွင် APEDA ၏ ဥက္ကဋ္ဌ Abhishek Dev က ဆန်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ် ဈေးကွက်များသို့ ဖြန့်ကျက်တင်ပို့ရန် လိုအပ်ကြောင်း၊ ၎င်းဈေးကွက်များ၌ အိန္ဒိယဆန်၏ ဝေစု ရရှိထားမှုသည့် အမှန်တကယ် အလားအလာရှိသည်ထက် လျော့နည်းနေဆဲဖြစ်ကြောင်း၊ ၎င်း နိုင်ငံများတွင် ဝယ်လိုအားရှိနေသော ဆန်အမျိုးအစားများကို လယ်သမားများက စိုက်ပျိုးထုတ် လုပ်လာစေရေး ပို့ကုန်လုပ်ငန်းရှင်များက ဆွဲဆောင်စည်းရုံး လုပ်ကိုင်သင့်ကြောင်း ပြောဆိုခဲ့ သည်။
အိန္ဒိယဆန်များတင်ပို့မှုကို တရုတ်အာဏာပိုင်များက ငြင်းပယ်သည့် ပြဿနာရှိနေသည်ဟု အချို့သော ပို့ကုန်လုပ်ငန်းရှင်များ၏ စောဒကတက်မေးမြန်းမှုအပေါ် APEDA အနေဖြင့် တရုတ် နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယသည် GMO ဆန်များ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိသော နိုင်ငံတစ်ခုဖြစ်သည်ကို ရှင်းလင်း ခဲ့ပြီးဖြစ်ကြောင်း Mr. Dev က ဖြေကြားခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) နှင့် မျိုးဗီဇအင်ဂျင်နီယာဆိုင်ရာအတည်ပြုရေးကော်မတီ (GEAC) တို့သည် အိန္ဒိယပြည်တွင်း၌ မျိုးဗီဇပြုပြင်ထားသည့် GMO ဆန်စပါးမျိုးစေ့များ ရရှိနိုင်ခြင်း မရှိသည့်အပြင် GMO ဆန်စပါးများ ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန် ခွင့်ပြုထားခြင်း မရှိကြောင်းကို GACC အာဏာပိုင်အဖွဲ့သို့ အတည်ပြု အသိပေးထားပြီးဖြစ်သည်။
သို့ရာတွင် ဆန်စပါးလုပ်ငန်းနယ်ပယ် သတင်းအရင်းအမြစ်များကမူ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရပ်တည်ချက်သဘောထားကို ပြောင်းလဲခြင်းမရှိသဖြင့် အိန္ဒိယအစိုးရသည် ပို့ကုန်လုပ်ငန်း ရှင်များ အားလုံးက တစ်ပြေးညီလိုက်နာ၍ GMO စစ်ဆေးမှုလုပ်ဆောင်ရန်လိုအပ်သော စံပြုလုပ် ငန်းစဉ် များကို ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
အဆိုပါ စံပြုလုပ်ငန်းစဉ်များအရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို စိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားများ လူမှုဘဝဖူလုံရေး ဦးစီးဌာနလက်အောက်ရှိ အပင်ကာကွယ်မှု၊ သီးသန့်ခွဲခြားမှုနှင့် သိုလှောင်ထားရှိမှုဆိုင်ရာ ညွှန်ကြားမှုဌာန (DPPQS) တွင် မှတ်ပုံတင်ထားရှိသည့် ဆန်စက်များနှင့် ကြိတ်ခွဲပြုပြင်ရေး အလုပ်ရုံများကသာ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယ ဆန်ပို့ကုန် လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံ GACC အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ခြင်း သို့မဟုတ် GACC ၌ မှတ်ပုံတင်ထားပြီးဖြစ်သော ဆန်ကြိတ်ခွဲပြုပြင်ရေး လုပ်ငန်းဌာနများထံမှသာ ရယူတင်ပို့ခြင်းကို မဖြစ် မနေ ဆောင်ရွက်ရမည်ဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် DPPQS ဌာနထံမှ အပင် ရောဂါကင်းစင် ကျန်းမာသန့်ရှင်းမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Phytosanitary Certificate) ကို ရယူရမည်ဟု APEDA အာဏာပိုင်အဖွဲ့က စည်းကမ်းချက်ချမှတ်ထားသည်။ သို့ဖြစ်ရာ တရုတ် နိုင်ငံသို့ ဆန်တင်ပို့မှုအကြိမ်တိုင်း၌ APEDA က အသိအမှတ်ပြုထားသော ဓာတ်ခွဲခန်းများ၏ GMO စစ်ဆေး ဆန်းစစ်မှုလုပ်ဆောင်ပြီးမှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။
ဆန်တင်ပို့မည့်လုပ်ငန်းရှင်သည် GMO ဆန်းစစ်မှုလုပ်ဆောင်ရန်အတွက် နမူနာရယူလျက် နှင့် စမ်းသပ်စစ်ဆေးပေးရန် သီးခြားသတ်မှတ်ထားသည့် ပုံစံဖြင့် APEDA အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ လျှောက်ထားရမည်ဖြစ်သည်။ ဆန်တင်ပို့သူ သို့မဟုတ် ဆန်ကြိတ်ခွဲပြုပြင်သည့် လုပ်ငန်းအနေဖြင့် နမူနာရယူပြီးဖြစ်သော ဆန်ပိုင်ပုံကို အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခြင်း မပြုရန် APEDA ၏ SOP ၌ ဖော်ပြထားသည်။ နမူနာရယူစစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ မှုရှိမှသာလျှင် ပို့ကုန်လုပ်ငန်းရှင်သည် စစ်ဆေးချက်လက်မှတ်ကို APEDA ထံသို့ ပေးပို့လျက် RCAC အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၉.၄၃ သန်းရှိသည့် ဘာစမာတီမဟုတ်သောဆန် ၁၈၀၈၀၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာမှ ၂၀၂၅-၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၃၁၅၁၉၃ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၃.၉၀ သန်းသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။ တရုတ်နိုင်ငံဘက်မှ အကောက်ခွန်မဟုတ်သော အတားအဆီးများဖြင့် ကန့်သတ်ထားမှုအရ ၎င်း ဈေးကွက်သို့ အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ ၂၀၁၉-၂၀ ခုနှစ်တွင် ၅၆၇ တန်သာရှိခဲ့ပြီး အဆိုပါ တားဆီး ပိတ်ပင်မှုများကို ဖယ်ရှားပေးခဲ့ပြီးနောက် ၂၀၂၀-၂၁ ခုနှစ်၌ ဆန်တန်ချိန် ၃၃၁၅၇၁ တန်အထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 12 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
