အယ်လ်နီညိုဖြစ်စဉ်ကြောင့် အိန္ဒိယ၏ မုတ်သုံမိုး၊ ဆန်နှင့် ပြောင်းထွက်ရှိမှုကို ထိခိုက်နိုင်

Powered by Drupal

    အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသစ် စတင်ဝင်ရောက်လာမှုနှင့်အတူ ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က အိန္ဒိယ၏ နွေမုတ်သုံမိုးကို အားနည်းစေနိုင်ပြီး ဆန်နှင့်ပြောင်း အပါအဝင် မိုးရေကိုအားထားစိုက်ပျိုးသော သီးနှံများအတွက် အရေးပါသော Khairf စိုက်ပျိုးရာသီ အတွင်း ထိခိုက်မှုရှိလာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

     ကုလသမဂ္ဂအဖွဲ့အစည်းက ယခုကဲ့သို့သော ရာသီဥတုဖြစ်စဥ်သည် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော ဒေသများရှိ စိုက်ပျိုးရေးကို အမှီပြုနေရသည့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်း များနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတို့အတွက် စိုးရိမ်မှုများမြင့်တက်စေသည်ဟု ပြောကြားခဲ့ သည်။

    အာရှဒေသတွင် ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည် လယ်ယာကဏ္ဍမှ ကမ္ဘာ့ဈေးကွက် အထိ ကျယ်ပြန့်သွားနိုင်ကြောင်း၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် နွေမုတ် သုံမိုးရွာသွန်းမှု အားနည်းသွားနိုင်ပြီး အရေးပါသော သီးနှံဖြစ်ထွန်းမှုကာလအတွင်း ဆန်နှင့် ပြောင်း ကဲ့သို့သော သီးနှံများကြီးထွားသည့် ရာသီကို ထိခိုက်စေနိုင်ကြောင်း FAO ၏ တရားဝင် ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

    စိုက်ပျိုးရေးဆိုင်ရာ မိုးခေါင်ရေရှားမှု အန္တရာယ်သည် တောင်အာရှနှင့် အရှေ့တောင်အာရှ တစ်လျှောက် ပါကစ္စတန်နှင့် အိန္ဒိယမှစ၍ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အရှေ့ဘက် ခြမ်းရှိ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမောလက်စ်တေးနိုင်ငံတို့အထိ ပျံ့နှံ့သက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။

    ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)သည် ပုံမှန်ထက်ထူးခြားသော မုတ်သုံရာသီစက်ဝန်း ဖြစ်ပေါ် နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသဖြင့် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ FAO၏ ဆန်းစစ်ချက်သည် ပြင်းထန်သော အယ်လ်နီညိုဖြစ်စဥ်များကြောင့် စိုက်ပျိုးရေးကို ထိခိုက်သော မိုးခေါင်မှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် ဒေသများကို ခြေရာခံရန်အတွက် ၄၁ နှစ်ကြာ သမိုင်းဝင် ဂြိုဟ်တု ဓာတ်ပုံမှတ်တမ်းများကို အသုံးပြုထားခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုသည် အထူးစိုးရိမ်စရာဖြစ်နေကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုကာလအတွင်း အိန္ဒိယ၏ ပြောင်းထွက်ရှိမှုသည် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆန်စပါးထုတ်လုပ်မှုသည် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အရှေ့တောင်အာရှတစ်ဝှမ်းတွင်လည်း အလားတူ ဖြစ်စဉ်ကြောင့် ဆန်တန်ချိန် ၁၅ သန်းခန့် ဆုံးရှုံးခဲ့ရပြီး ဆန်ဈေးနှုန်းများ မြင့်တက်လာ ကာ သွင်းကုန် အပေါ်မှီခိုနေရသော နိုင်ငံများအတွက် ဖိအားဖြစ်စေခဲ့သည်။

    မိုးရေချိန်လျော့နည်းကျဆင်းချိန်တွင် စိုက်ပျိုးရေးကဏ္ဍသည် ပထမဆုံးရိုက်ခတ်မှုကို ခံရ ကြောင်း၊ တောင်သူတစ်ဦးအနေဖြင့် ဦးစွာသီးနှံအထွက်နှုန်း ဆုံးရှုံးနိုင်ကြောင်း၊ ထို့နောက် မွေးမြူရေးတိရစ္ဆာန်များနှင့်အတူ ၎င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလုံးပါ ဆုံးရှုံးသွားနိုင်သည်ဟု FAO ၏ သဘာဝအရင်းအမြစ်ဆိုင်ရာ အရာရှိဖြစ်သူ Jorge Alvar-Beltran က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ယခုဖြစ်ပေါ်မည့် အယ်လ်နီညိုစက်ဝန်းသည် ယခင်ဖြစ်စဉ် များနှင့် နှိုင်းယှဉ်ပါက ပိုမိုဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်ကြောင်း သတိပေးခဲ့သည်။

    ယခုဖြစ်ပေါ်မည့် အယ်လ်နီညိုစက်ဝန်းသည် ယခင်အယ်လ်နီညိုများနှင့် တူညီမှုမရှိကြောင်း၊ ယခုအခါ ကမ္ဘာကြီးသည် ယခင်ကထက် ပိုမိုပူနွေးလာပြီး ပဋိပက္ခများနှင့် စားနပ်ရိက္ခာ မလုံလောက် မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်းနှင့်အတူ ထိခိုက်လွယ်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း အကန့် အသတ်ရှိသည့် ဒေသများကို အပြင်းထန်ဆုံး ရိုက်ခတ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ မိုးခေါင်ရေ ရှားမှုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုဆိုင်ရာ ခန့်မှန်းချက်များ၏ ၈၀ ရာခိုင်နှုန်းကျော် သည် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများအပေါ် ကျရောက် မည်ဟု ခန့်မှန်းထားသည်။

    ထို့ပြင် တောင်သူများစိုက်ပျိုးရာသီအတွက် ပြင်ဆင်နေချိန်တွင် ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသည့် ရေကြောင်းပို့ဆောင်ရေးပြတ်တောက်မှုများကြောင့် စွမ်းအင်နှင့် ဓာတ်မြေဩ ဇာ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လျက်ရှိကြောင်း FAO က မှတ်ချက်ပြုသည်။

    ကြိုတင်ဆောင်ရွက်မှုများဖြင့် ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ အာဖရိ က တောင်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ် အယ်လ်နီညို မတိုင်မီ ကြိုတင်ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ ၃၁ သန်းနီးပါးကို နိုင်ငံပေါင်း ၇ နိုင်ငံရှိ ပြည်သူ ၂ သန်းကျော်အား အကျိုးပြု နိုင်ရန် အသုံးပြုခဲ့ပြီး မျိုးစေ့များ၊ မွေးမြူရေးဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ကြိုတင်သတိပေးစနစ် များကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ကြိုတင်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ တိကျ ပြတ်သားစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ထိရောက်သော ကာကွယ်တားဆီးမှု ဖြစ်လာနိုင် ကြောင်း FAO က ပြောကြားခဲ့သည်။

Source: The Economic Times, 15 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)