သီးနှံစိုက်ပျိုးမှု နှောင့်နှေးသဖြင့် အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံနှင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာ

Powered by Drupal

    မုတ်သုံလေ စတင်ဝင်ရောက်မှု နှေးကွေးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှု နောက်ကျနိုင်သည့် စိုးရိမ်မှုများက စျေးကွက်အခြေအနေကို အထောက်အပံ့ဖြစ်စေခဲ့သဖြင့် တနင်္လာနေ့တွင် အဓိက လက်ငင်းအရောင်းအဝယ်ဖြစ်ရာ စျေးကွက်များ၌ ပဲစင်းငုံနှင့် ပဲတီစိမ်းစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကုလားပဲ စျေးနှုန်းမှာမူ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေခဲ့ကြောင်း သိရသည်။

   အနောက်တောင်မုတ်သုံလေ နှေးကွေးနေခြင်းကြောင့် ပဲအဓိကစိုက်ပျိုးရာဒေသများတွင် စိုက်ပျိုးချိန် နောက်ကျနိုင်သည့် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာပြီး ပဲစင်းငုံနှင့် ပဲတီစိမ်းအပေါ် ဝယ်လိုအား စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ကြောင်း ကုန်သည်များက ပြောဆိုသည်။ မုတ်သုံမိုး ထပ်မံနောက်ကျပါက လာမည့်မိုးရာသီ စိုက်ပျိုးမြေဧရိယာနှင့် အထွက်နှုန်း ခန့်မှန်းချက်များကို ထိခိုက်နိုင်သဖြင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်သူများသည် မိုးရွာသွန်းမှု ပုံစံများကို အနီးကပ် စောင့်ကြည့်နေကြကြောင်း သိရသည်။ မဟာရဋ္ဌပြည်နယ်၊ Solapur မြို့၌ ပဲစင်းငုံစျေးနှုန်းသည် ၁၀ဝ ကီလိုဂရမ်လျှင် ရူပီး ၁၀ဝ ခန့် မြင့်တက်သွားပြီး ၁၀ဝ ကီလိုဂရမ်လျှင် ရူပီး ၇,၄၀ဝ မှ ၈,၀၅၀ အထိ ဈေးရှိခဲ့သည်။

     စိုက်ပျိုးမှု နောက်ကျနိုင်ခြင်းအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသဖြင့် စျေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ မဟာရဋ္ဌပြည်နယ်၏ နေရာ အတော်များများတွင် မိုးရေချိန် လုံလောက်မှု မရှိသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို စတင်နိုင်မှုမရှိသေးကြောင်း သိရသည်။ မုတ်သုံလေဝင်ရောက်မှု ကာလရှည်ကြာ နောက်ကျနေပါက စိုက်ပျိုးမြေဧရိယာကို လျော့နည်းစေနိုင်ပြီး ရာသီနှောင်းပိုင်းတွင် ကုန်စည်ရရှိမှု နည်းပါးလာနိုင်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက ပြောဆိုထားပါသည်။

    မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် (Madhya Pradesh) Katni မြို့၌ ပဲစင်းငုံစျေးနှုန်းသည် ရူပီး ၅၀ ခန့် မြင့်တက်ကာ ၁၀ဝ ကီလိုဂရမ်လျှင် ရူပီး ၈,၃၅၀ မှ ၈,၄၅၀ အထိ ရှိခဲ့သည်။ ပဲတီစိမ်း စျေးနှုန်းများမှာလည်း အလားတူ ဈေးနှုန်းမြင့်တက်ခဲ့သည်။ Rajasthan ပြည်နယ် Jaipur မြို့တွင် ဈေးနှုန်းများ ရူပီး ၁၀ဝ ခန့် မြင့်တက်ခဲ့ပြီး ၁၀ဝ ကီလိုဂရမ်လျှင် ရူပီး ၆,၄၀ဝ မှ ၆,၈၀ဝ အထိ ရှိခဲ့ သည်။

    အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အဓိက စိုက်ပျိုးထုတ်လုပ်ရာဒေသ အတော်များများ တွင် မုတ်သုံလေ မရောက်ရှိသေးသဖြင့် စိုက်ပျိုးမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မှုမရှိသေး ကြောင်း သိရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကုလားပဲ စျေးနှုန်းမှာမူ ဝယ်လိုအားနည်းပါးခြင်းနှင့် စျေးကွက်သို့ ကုန်အဝင်နည်းခြင်းတို့ မျှတနေသဖြင့် ဈေးတည်ငြိမ်နေခဲ့သည်။ ဒေလီမြို့တွင် ၁၀ဝ ကီလိုဂရမ်လျှင် ရူပီး ၆,၀ဝ၀ ဖြင့် ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရသည်။ ပူပြင်းလှသော ရာသီဥတုအခြေအနေနှင့် မုတ်သုံလေနောက်ကျမှုတို့ကြောင့် ကုလားပဲခြမ်း (chana dal) နှင့် ကုလားပဲမှုန့် (besan) စားသုံးမှုမှာ ဆက်လက်လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

Source: Metroindia, 16 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)