သုံးခွမြို့၌ ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက် (GAP/ GHP) နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရေး စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များမှ သင်တန်းပို့ချ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက် (GAP/ GHP) နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ ပို့ချသော တောင်သူပညာပေးသင်တန်းကို ယနေ့ နံနက်(၀၉:၃၀)အချိန်တွင် လက်ပံစံပြကျေးရွာ၊ လက်ပံကျေးရွာသစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ပထမဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကုမ္ပဏီများကိုယ်စား Bright Light Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မြင့်မှ ယနေ့ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးကွက် အခြေအနေများအား ရှင်းလင်း ပြောကြားရာတွင် တောင်သူဦးကြီးများအနေဖြင့် ပဲတီစိမ်းအရည်အသွေး မြင့်မားပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ပိုးမွှားကင်းစင်ပြီး ပိုးသတ်ဆေးဓါတ်ကြွင်းနည်းပါးသည့် အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းများ ထွက်ရှိရန် စိုက်ပျိုးစနစ်မှာ အရေးကြီးပါကြောင်းနှင့် မျှော်မှန်းထားသည့် ဈေးနှုန်းရရှိစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ရာသီပဲတီစိမ်း စိုက်တောင်သူများအတွက် GAP/ GHP နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရေး သင်တန်းဆက်လက် ပို့ချရာ တက်ရောက်လာသော တောင်သူဦးကြီးများက သိရှိလိုသည်များကို မေးမြန်း၍ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အဆိုပါသင်တန်းအား ပဲတီစိုက် တောင်သူ (၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)