
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် လိုက်ချီးသီး (Lychee) ဆွတ်ခူးရာသီ စတင်ချိန်မှစ၍ Kim Thanh International Border Gate No. 2 မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး တန်ဖိုးရှိ လတ်ဆတ်သော လိုက်ချီးသီး မက်ထရစ်တန်ချိန် ၁၆,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဖြစ်သည်။
ဒေသဆိုင်ရာ အကောက်ခွန်ဦးစီးဌာနခွဲ (၇) အောက်ရှိ Lao Cai အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် အကောက်ခွန်အဖွဲ့၏ အဆိုအရ ရာသီအစမှ ဇွန်လ ၁၄ ရက်နေ့အထိ အဆိုပါ သစ်သီးများ တင်ဆောင်လာသည့် ကုန်တင်ကားပေါင်း ၁,၅၀၀ နီးပါးကို နယ်စပ်ဂိတ်မှတစ်ဆင့် အောင်မြင်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Bac Ninh ဒေသ၏ လိုက်ချီးသီး ဆွတ်ခူးမှုသည် ဇွန်လ ၁၀ ရက်နေ့တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သဖြင့် နယ်စပ်ဂိတ်ကို ဖြတ်သန်းမည့် သစ်သီးတင်ကား အရေ အတွက်မှာ တစ်ရက်လျှင် အစီးရေ ၇၀ မှ ၁၀၀ အထိ တိုးတက်လာနိုင်ကြောင်း Lao Cai စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (Lao Cai Economic Zone Authority) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် နယ်စပ်ဂိတ်သို့ ရောက်ရှိလာသည့် လတ်ဆတ်သော လိုက်ချီးသီးတင်ကား အားလုံးကို ၂၄ နာရီပတ်လုံး တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများက ကားအစီးရေ ၁၀၀ ခန့် ဆန့်သော သီးသန့်ကားပါကင်နေရာသို့ စနစ်တကျ လမ်းညွှန်ပို့ဆောင်ပေးလျက်ရှိသည်။
ကုန်တင်ကားများသည် အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ ပြင်ဆင်ပြီးပါက ပြည်ပပို့ကုန် စစ်ဆေးရေးဧရိယာသို့ တိုက်ရိုက်ရွှေ့ပြောင်းကာ ပို့ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရသည်။ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော စာရွက် စာတမ်းများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် ဂိတ်တွင် ပိတ်ဆို့ကြန့်ကြာမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန်အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို အများပြည်သူသိရှိစေရန် ရှင်းလင်းစွာ ထုတ်ပြန်ကြေညာထားသည်။
Lao Cai စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့သည် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် စီမံဆောင်ရွက်မှုများနှင့် ဝန်ထမ်းများ တာဝန်ချထားမှုတို့ကို ဆွေးနွေးရန် မေလအစောပိုင်းကတည်းက အစည်းအဝေးများ ပြုလုပ်ခဲ့ကြပြီး၊ နယ်စပ်ဂိတ် တရားဝင်မဖွင့်လှစ်မီ ၄၅ မိနစ်မှ မိနစ် ၆၀ အလိုကတည်းက အကောက်ခွန်လုပ်ငန်းစဉ်များကို ကြိုတင်စတင်နိုင်ရန် စီစဉ်ပေးခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးတွင် လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်များ၊ အထူးသဖြင့် လတ်ဆတ်သော လိုက်ချီးသီးများကို ကုန်ပစ္စည်း အရည်အသွေး မပျက်စီးစေရန်အတွက် နံနက်ပိုင်းတွင် ဦးစားပေးစနစ်ဖြင့် အကောက်ခွန် ရှင်းလင်းပေးလျက်ရှိကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
