
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အပါအဝင်၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် မြို့နယ်များမှ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မုံရွာခရိုင်၌ မိုးနှမ်းစိုက်ဧက စုစုပေါင်း ၉၆၂၃ ဧကခန့် စိုက်ပျိုးထားခဲ့ပြီး ယခု ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးနှမ်း ၉၇၄၃ ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
မိုးနှမ်းကို မေလနှင့် ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လနှင့် သြဂုတ်လများတွင် ရိတ်သိမ်းရကြောင်းသိရသည်။ မျိုးအနေဖြင့် ဈေးကောင်းရသော နှမ်းနက်များကိုသာ စိုက်ပျိုးကြပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများအတွက် ငွေကျပ် ၄၃၇၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂ ) တင်း ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းနက် ( ၁) တင်းလျှင် ငွေကျပ် (၂၂၀၀၀၀) ခန့် ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် သိန်း ၂၀ကျော် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသည့် နှမ်းများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များရရှိနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
