ရေနံချောင်းမြို့နယ်၌ ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး စျေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် တောင်သူလယ်သမားများ ကုန်စည်များကို စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒေသတွင်းကုန်စည်ဒိုင်များနှင့် အရောင်းဆိုင်ကြီးများသို့ အပတ်စဉ်ကွင်းဆင်း၍ စျေးနှုန်းနှင့်စျေးကွက် အခြေအနေများကို စနစ်တကျ လေ့လာဆန်းစစ်လျက်ရှိပါသည်။

          ၂၀၂၆-ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင် ရေနံချောင်းမြို့နယ် စျေးကွက်အတွင်း၌ အခြေခံဆောက်လုပ်ရေးသုံးပစ္စည်းဖြစ်သော ဘိလပ်မြေနှင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းခွင်ဝင် တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစု (ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး)များမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအတိုင်း ကုန်စည်စီးဆင်းမှု ပုံမှန်ရှိနေပြီး စျေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

          ဒေသတွင်းဘိလပ်မြေစျေးကွက်အခြေအနေမှာ လက်ရှိကာလတွင် မိုးရာသီကာလသို့ ရောက်ရှိ လာပြီဖြစ်သဖြင့် ဒေသတွင်း အကြီးစားဆောက်လုပ်ရေးလုပ်ငန်းများနှင့် နေအိမ်ပြင်ဆင်မှုလုပ်ငန်းများ အနည်းငယ်အေးစက်သွားခြင်းကြောင့် ဘိလပ်မြေဝယ်လိုအားမှာ ပြီးခဲ့သည့်လများထက် အနည်းငယ် လျော့နည်းသွားသော်လည်း စျေးကွက်အတွင်းကုန်စည်ပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဘိလပ်မြေစျေးမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ (၁)အိတ်လျှင် ကျပ် (၁၉၀၀၀)၊ အပါချီ ဘိလပ်မြေ (၁)အိတ်လျှင် ကျပ် (၁၈၀၀၀)ဖြင့် စျေးကွက်အတွင်း အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          စိုက်ပျိုးရေးသွင်းအားစု (ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး) စျေးကွက်အခြေအနေမှာ ရေနံချောင်း မြို့နယ်သည် ယာသီးနှံနှင့် စိုက်ပျိုးရေးကို အဓိကအားထားရသော ဒေသတစ်ခုဖြစ်သည့် အလျှောက် ယခု မိုးရာသီစိုက်ပျိုးချိန်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများကို အဝယ်လိုက်လျက်ရှိပါသည်။ စျေးကွက်အတွင်း ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ အဝင်ပုံမှန်ရှိနေသဖြင့် စျေးနှုန်း များမှာ တည်ငြိမ်နေကြောင်း ဓါတ်မြေဩဇာစျေးနှုန်းများအနေဖြင့် တတ်တိုး (ကွန်ပေါင်း) (၅၀ Kg) (၁)အိတ်လျှင် ကျပ် (၁၀၀၀၀၀)၊ အာမိုအပြာ (15:15:15) (၅၀ Kg) (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ပုလဲပန်းဖူး(ဖြူ)(အလုံးကြီး ) (၁)အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ယူရီးယား(အလုံးကြီး) (၅၀ Kg) (၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ယူရီးယား (အလုံးသေး) (၅၀ Kg) (၁)အိတ်လျှင် ကျပ် (၁၁၅၀၀၀)စျေးနှုန်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

          စိုက်ပျိုးရေးသုံးပိုးသတ်ဆေးနှင့် မှိုသတ်ဆေးစျေးကွက်တွင်လည်း တောင်သူများ အသုံးများသည့် အမှတ်တံဆိပ်များအလိုက် အရောင်းဆိုင်များတွင် စုံလင်စွာဝယ်ယူရရှိနိုင်ပြီး အဆီဖိတ်(၅၀ Kg) (၁)ထုပ်လျှင် ကျပ် (၁၉၅၀၀)၊ ဇိုင်ကလုံး(၁၀၀ CC) (၁)ဗူးလျှင် ကျပ် (၁၁၀၀၀)၊ ဇိုင်ကလုံ (၂၅၀ CC) (၁)ဗူးလျှင် ကျပ် (၂၁၀၀၀)၊ အလန်း (၁၀၀ g) (၁)ထုပ်လျှင် ကျပ် (၂၀၀၀၀)၊ အလန်း (၂၅၀ g) (၁)ထုပ်လျှင် ကျပ် (၄၈၈၀၀)တို့ဖြင့် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)