ပေါ်ဦးပေါ်ဖျား ကန့်ဘလူအင်ဥ ဈေးကောင်းရနေ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ဟာ အင်တော၊ သပြေသာ စတဲ့ဒေသတွေကနေ သဘာဝအတိုင်း ထွက်ရှိတဲ့ အင်ဥတွေကြောင့် နာမည်ကြီးပါတယ်။ မိုးဦးကျကာလ (မေလနှောင်း ပိုင်းမှ ဇွန်လ) အတွင်းမှာ အင်ဥတွေ စတင်ပေါ်ပေါက်လေ့ရှိပြီး အခုလို ပေါ်ဦးပေါ်ဖျားအချိန်သည် ဈေးကွက်ထဲတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

         အင်ဥ နို့ဆီဗူး ဗူးလျှင် ,၅၀၀ ကျပ်၊ ပေါ်ဦးပေါ်ဖျားအချိန်တွင် ဝယ်လိုအား အလွန်မြင့်မားသောကြောင့် အဝယ်လိုက်တဲ့ ရာသီစာဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကိုပါ ကားဂိတ်များမှတစ်ဆင့် အော်ဒါမှာယူပြီး လက်လီ/လက်ကား ပြန်လည်ဖြန့်ချိကြတဲ့အထိ ဈေးကွက် ကျယ်ပြန့်ပါသည်။

        အင်ဥသည် သဘာဝအတိုင်း အင်ပင်ခြေရင်း မြေကြီးထဲကနေ ရှာဖွေတူးဖော်ရတာဖြစ်ပြီး ဆေးဝါးဓာတ်မြေဩဇာ ကင်းစင်တဲ့ ဩဂဲနစ် (Organic) စစ်စစ် ရာသီစာဖြစ်ပါတယ်။  ခန္ဓာကိုယ်တွင်းရှိ အပူအပုပ်များကို ဖယ်ရှားပေးပြီး ဝမ်းမီးကို ကောင်းမွန်စေတယ်လို့ ရှေးလူကြီးများ ယုံကြည် ကြပါသည်။ သဘာဝမှရတဲ့ မှိုဥ အမျိုးအစားဖြစ်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်နဲ့ သတ္တုဓာတ်များကို ဖြည့်တင်းပေးပါသည်။ အစာခြေစနစ်ကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါသည်။ အင်ဥရဲ့ ထူးခြားတဲ့ အရသာကတော့ ဝါးလိုက်ရင် ဖောက်ကနဲ မြည်ပြီး စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတာပဲ ဖြစ်ပါသည်။ အင်ဥကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီပြန်ချက်စားခြင်း၊ ရာသီတူထွက်တဲ့ မျှစ် သို့မဟုတ် ကညွတ်တို့နဲ့ ရောစပ်ပြီး စပ်စပ်လေး ချက်စားခြင်း၊ မီးဖိုပြာပူထဲမှာ ဖုတ်ပြီး ဆား၊ ဆီလေးနဲ့ သုပ်စားခြင်း၊ ပုစွန်ခြောက်လေးနဲ့ မျှစ်ချိုချိုလေးရောပြီး ဟင်းချိုရည်သောက်ခြင်း စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်ကြောင်း သိရသည်။

        အင်ဥကို မချက်ပြုတ်မီ မြေကြီးနဲ့ သဲများ စင်ကြယ်သွားအောင် ရေခပ်နာနာဖြင့် သေချာစွာဆေးကြောရန် လိုအပ်ကြောင်း၊ သားစိမ်းငါးစိမ်းတွေနဲ့ တွဲဖက်ချက်ပြုတ်သည်ထက် သူ့ချည်း သက်သက် သို့မဟုတ် အသီးအရွက်နဲ့ချက်စားပါက ပိုမိုအရသာကောင်းမွန်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)