ဗီယက်နမ်နိုင်ငံတွင် တင်သွင်းသီးနှံများ သိသိသာသာ ဈေးနှုန်းချိုသာလာ

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ သုံးစွဲခဲ့ပြီး၊ ယင်းမှာ ယခင်နှစ် ကာလတူထက် ၃၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ပမှ တင်သွင်းလာသော စပျစ်သီး၊ ပန်းသီးနှင့် လိမ္မော်သီးများသည် ပိုမိုစုံလင်လာပြီး ဈေးနှုန်းများလည်း ပိုမိုသက်သာလာသည်။

         ပြည်တွင်းဖြစ် အပူပိုင်းဒေသ သစ်သီးဝလံရာသီသို့ ရောက်ရှိနေသော်လည်း တင်သွင်းသီးနှံများကို ဈေးများ၊ စူပါမားကတ်များနှင့် သစ်သီးဆိုင်များတွင် အမျိုးအမည် စုံလင်စွာဖြင့် အများအပြား ဝယ်ယူရရှိနိုင်ဆဲဖြစ်သည်။

          Gia Dinh ရပ်ကွက်တွင် နေထိုင်သူ Ms. Loan က ယခင်နှစ်များတွင် အမေရိကန်စပျစ်သီးကို ရွေးချယ်ဝယ်ယူရန် နည်းလမ်းအနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါတွင် စိမ်း၊ နီ၊ နက် စပျစ်သီး အမျိုးမျိုးကို ဈေးနှုန်းမျိုးစုံဖြင့် ရရှိနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဈေးနှုန်းများမှာလည်း ယခင်ကထက် သက်သာလာပြီး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၃၀,၀၀၀ မှ ၂၅၀,၀၀၀ ကြားရှိနေကာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀-၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

         စပျစ်သီးအပြင် အမေရိကန်၊ တရုတ်၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ တင်သွင်းသော ပန်းသီးနှင့် လိမ္မော်သီးများကိုလည်း ဈေးများ၊ စူပါမားကတ်များနှင့် သစ်သီးဆိုင်များတွင် ပိုမိုတွေ့ ရှိလာရသည်။

        တင်သွင်းသီးနှံများကို ရပ်ကွက်ဈေးများတွင်သာမက စူပါမားကတ်များ၊ ကုန်စုံဆိုင်များနှင့် အွန်လိုင်းအရောင်းပလက်ဖောင်းများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်းကြောင့် စားသုံးသူများအနေဖြင့် ယခင်ကထက် ပိုမိုလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ပြီ ဖြစ်သည်။

         စားသုံးမှု မြင့်တက်လာခြင်းနှင့်အတူ ထောက်ပံ့မှု ပေါကြွယ်ဝလာခြင်းတို့ကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့သည်။ အကောက်ခွန်အချက် အလက်များအရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ သုံးစွဲခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယခုတိုးတက်မှုနှုန်းသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြည်ပပို့ကုန် တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမိုမြင့်မားနေသည်။

          အဓိက ကုန်ပစ္စည်းတင်သွင်းရာ ထိပ်သီးဈေးကွက် ၁၀ ခုအနက် အများစုမှာ ခိုင်မာသော တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် တစ်နှစ်ထက်တစ်နှစ် ၄၉ ရာခိုင်နှုန်း မြင့်တက်လာကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံဝက်ကျော်ဖြင့် ဆက်လက် ဦးဆောင်နေသည်။ အမေရိကန်နိုင်ငံသည် ဒေါ်လာ ၃၂၅ သန်း (၃၂ ရာခိုင်နှုန်း မြင့်တက်) ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ကမ္ဘောဒီးယား၊ ဩစတြေးလျ၊ ထိုင်း၊ နယူးဇီလန်နှင့် အိန္ဒိယကဲ့သို့သော ဈေးကွက်များတွင်လည်း ၂၆ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တိုးတက်မှုများ ရှိခဲ့သည်။ ချီလီနှင့် တောင်ကိုရီးယားနိုင်ငံတို့သာ လျော့နည်းသွားကြောင်း မှတ်တမ်းတင်ထားသည်။

           ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ Mr. Dang Phuc Nguyen ၏ အဆိုအရ ယခုလမ်းကြောင်းသည် ဗီယက်နမ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းလာမှုကို ထင်ဟပ်စေသည်။ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များစွာကို အကောင်အထည်ဖော်ခြင်းနှင့်အတူ တစ်ဦးချင်းစီ၏ ကုန်သွယ်မှုအကျိုးခံစားခွင့်များကို အသုံးချရန် အပြန်အလှန် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

          အသင်း၏ တွက်ချက်မှုများအရ ယခုနှစ် ပထမခြောက်လအတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံနီးပါး ရှိမည်ဟု ခန့်မှန်းရပြီး ယခင်နှစ် ကာလတူထက် ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခြင်းဖြစ်သည်။ အကယ်၍ လက် ရှိတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက တစ်နှစ်ပတ်လုံးအတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးအထိ ရှိလာနိုင်ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

        သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ တင်သွင်းသီးနှံများ ပိုမိုရေပန်းစားလာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ သွင်းကုန်ခွန်များ သိသိသာသာ လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ EVFTA၊ CPTPP နှင့် ACFTA ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီ ချက်များကို အကောင်အထည်ဖော်ခြင်းကြောင့် ကုန်ပစ္စည်းများစွာအပေါ် ကောက်ခံသည့် အခွန်နှုန်း ထားများကို အနိမ့်ဆုံးအဆင့် သို့မဟုတ် ၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။

         ၂၀၂၅ ခုနှစ်မှစတင်၍ အမေရိကန် ချယ်ရီသီးအပေါ် သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ အမေရိကန် ပန်းသီးအပေါ် သွင်းကုန်ခွန်ကို ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချသွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်သစ်သီးဝလံ အများစုသည် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အရ မူရင်းဒေသ စည်းမျဉ်းများနှင့် ကိုက်ညီပါက သွင်းကုန်ခွန် ၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်သည်။

       အခွန်အချက်အလက်များအပြင် ပိုမိုခေတ်မီဆန်းသစ်လာသော အအေးခန်းထောက်ပံ့ ပို့ဆောင်ရေးစနစ် (Cold chain logistics) နှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ပြိုင်ဆိုင်မှုများ ကြောင့်လည်း ဖြန့်ဖြူးရေးကုန်ကျစရိတ်များကို လျော့ကျစေခဲ့သည်။ ရလဒ်အနေဖြင့် ယခင်က အဆင့်မြင့်ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ခဲ့ကြသော သစ်သီးများစွာမှာ ယခုအခါ ပိုမိုအတွေ့ရများလာပြီး စူပါမားကတ်များမှသည် အွန်လိုင်းအရောင်းပလက်ဖောင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရသည်။

        သို့သော်လည်း တင်သွင်းသီးနှံများ လျင်မြန်စွာ မြင့်တက်လာခြင်းသည် အထူးသဖြင့် အလတ်တန်းစားဈေးကွက်ရှိ ပြည်တွင်းဖြစ်ထုတ်ကုန်များအပေါ် သိသာထင်ရှားသော ပြိုင်ဆိုင်မှု ဖိအားများကို ဖြစ်ပေါ်စေသည်။ ပြည်တွင်းဖြစ် သစ်သီးဝလံအမျိုးအစား အများစုသည် အသွင်အပြင်၊ အထားခံမှုနှင့် ထောက်ပံ့မှု တည်ငြိမ်မှုတို့တွင် ယှဉ်ပြိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

     မစ္စတာငုယင်၏ အဆိုအရ ယခုနှစ်တွင် တောင်ပိုင်းပြည်နယ်များ၌ သစ်သီးဝလံထွက်နှုန်း ကောင်းမွန်နေသော်လည်း သွင်းကုန်များ ဆက်လက်မြင့်တက်နေခြင်းကြောင့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းအများအပြား၏ ဈေးနှုန်းများမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)