ကမ္ဘာ့စတုတ္ထအကြီးမားဆုံး ဆန်ထုတ်လုပ်သူအဖြစ် အင်ဒိုနီးရှားကိုသတ်မှတ်ခဲ့သည့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ဆန်ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး ဆန်ထုတ်လုပ်မှု ပမာဏမှာ မက်ထရစ်တန် ၃၈ သန်းအထိ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) က သတ်မှတ်ကြေညာခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ Gorontalo ခရိုင်တွင် ဇွန်လ ၂၄ ရက်နေ့က ကျင်းပသည့် ၁၇ ကြိမ်မြောက် အမျိုးသား စိုက်ပျိုးရေးသမားနှင့် ငါးဖမ်း သမားများ ရက်သတ္တပတ် (PENAS XVII) ပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် ဝန်ကြီး Sulaiman က ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Sulaiman က FAO သည် အင်ဒိုနီးရှား၏ ထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့် ၄ နေရာမှာ ရှိပြီး တန်ချိန် ၃၈ သန်းအထိ ရောက်ရှိနေသည်ဟု ကြေညာခဲ့ကြောင်း၊ ထိုကြေညာချက်သည် FAO က ထုတ်ပြန်ခြင်းဖြစ်ပြီး ၎င်းတို့က ပြောကြာခြင်းမဟုတ်ကြောင်း၊ ယခုအောင်မြင်မှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အစားအစာထောက်ပံ့မှု မတည်ငြိမ်မှုများကြားမှပင် နိုင်ငံ၏ အစားအစာ ထုတ်လုပ်မှု တိုးတက်လာသည်ကို ထင်ဟပ်ပြသနေကြောင်းနှင့် အစိုးရအနေဖြင့် ကိုကိုး၊ အုန်းသီး နှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှု (downstream development) ကို ဆက်လက်မြှင့်တင်လျက်ရှိပြီး စုစုပေါင်း ဧက ၈၇၀,၀၀၀ အကျယ်အဝန်းတွင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်းများတွင် မျိုးစေ့ဖြန့်ဝေခြင်း၊ မြေယာပြင်ဆင်ခြင်းနှင့် စိုက်ပျိုးခြင်းဆိုင်ရာ အထောက်အပံ့များ ပါဝင်ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးရန် ရည်ရွယ်ထား ကြောင်း သိရပါသည်။ အခမ်းအနားအတွင်း ဝန်ကြီး Sulaiman က စိုက်ပျိုးရေးသမားများနှင့် ငါးဖမ်းသမားများအား ကျေးဇူးတင်ဂုဏ်ပြုခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ Gorontalo တွင် ကျင်းပခဲ့သည့် PENAS XVII အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ် ၃၈ ခုလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအတွင်း အကြီးမားဆုံး စိုက်ပျိုးရေးသမားနှင့် ငါးဖမ်းသမားများ စုဝေးပွဲအဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)