
စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားရှိသည့် ပြည်ခရိုင် စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ စားသောက်ဆိုင်များအနေဖြင့် လုံလောက်သည့် သတင်းအချက်အလက်များ၊ ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ အသိပေး ဖော်ပြ စေခြင်းအားဖြင့် စားသုံးသူ အခွင့်အရေးရရှိစေရန်၊ အစားအသောက်များ၊ အသုံးအဆောင်များ၊ မီးဖိုဆောင်များ၊ ဝန်ထမ်းများ သန့်ရှင်းမှုရှိစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင် စေရေးအတွက် ရည်ရွယ်၍ ခရိုင်ကော်မတီ အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာ၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင် FDA၊ မြို့နယ်စည်ပင် သာယာရေးစသည့် ပူးပေါင်းဌာန ဆိုင်ရာများသည် (၁၆.၆.၂၀၂၆) နေ့တွင် ပြည်မြို့ပေါ်ရှိ စားသောက်ဆိုင် ကြီးများဖြစ်သည့် Gold Light၊ ဆန်ဖရန်စစ္စကို၊ WISH (I), (II)၊ Seafood House ခရိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ဆိုင်အချို့တွင် ရောင်းချသည့် စားသောက်ဖွယ်ရာ များ၏ (Menu) တွင် အမျိုးအစားနှင့် အရွယ်အစား (size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားမှုမရှိခြင်း၊ အမှိုက်ပုံများအား အဖုံးဖုံးအုပ်ထားမှုမရှိခြင်း၊ ပန်းကန်များနှင့် အသုံးအဆောင်များတွင် ဖုန်နှင့်ပိုးမွှားများ မဝင်စေရန် စီမံထားမှုမရှိကြောင်းစစ်ဆေး တွေ့ရှိခဲ့ပါသည်။ သို့အတွက်ကြောင့် စစ်ဆေးတွေ့ရှိချက်များအား တစ်ပတ်အတွင်း အပြီးပြင်ဆင် ဆောင်ရွက်၍ ပြင်ဆင်ပြီးစီးမှုများအား မှတ်တမ်းဓါတ်ပုံများနှင့်အတူ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနသို့ တင်ပြကြရန်နှင့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(ပဲခူး)
