
ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း (CCA) နှင့် Prek Leap အမျိုးသားစိုက်ပျိုးရေးတက္ကသိုလ် တို့သည် ဒေသနှင့်ကိုက်ညီမှုရှိသော ကော်ဖီမျိုးစိတ်များကို လေ့လာဆန်းစစ်ချက်ပြုလုပ်ပြီး ဖွံ့ဖြိုး တိုးတက်လာရန်နှင့် ထိုမှတစ်ဆင့် ဒေသတွင်းကော်ဖီကဏ္ဍကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ မွန်ဒူကီရီပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မည့် သုတေသနစီမံချက်တစ်ရပ်ကို စတင် ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး အရည် အသွေးမြင့် ကော်ဖီစေ့များ ထွက်ရှိမည့်အပြင် ဖျက်ပိုးများနှင့် ရောဂါဒဏ်များကို ပိုမိုခံနိုင်ရည်ရှိ သော ကော်ဖီမျိုးစိတ်များကို ရှာဖွေဖော်ထုတ်၍ စမ်းသပ်စိုက်ပျိုးခြင်းအပေါ် အလေးပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း CCA ၏ ပြောကြားချက်အရ သိရှိရပါသည်။
သုတေသနလုပ်ငန်းများတွင် မွန်ဒူကီရီပြည်နယ်ရှိ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသော တောင်သူ များအတွက် မည်သည့်ကော်ဖီမျိုးစိတ်များသည် စိုက်ပျိုးရေးဆိုင်ရာနှင့် ကော်ဖီအရည်အသွေးပိုင်း ဆိုင်ရာ အကောင်းဆုံးရလဒ်များကို ပေးစွမ်းနိုင်ကြောင်းကို ဆုံးဖြတ်နိုင်ရန်အတွက် စိုက်ပျိုးခြံ အတွင်း လက်တွေ့စမ်းသပ်ခြင်း၊ မြေဆီလွှာနှင့် ရာသီဥတုဆန်းစစ်ချက်များအပြင် ရိတ်သိမ်းချိန် လွန် အရည်အသွေးအကဲ ဖြတ်မှုများ ပါဝင်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Thun Vathana ၏ ပြောကြားချက်အရ ဤလေ့လာဆန်းစစ်မှု၏ အဓိကရည်ရွယ်ချက်မှာ ရာသီဥတု အပြောင်းအလဲ နှင့် ရောဂါဒဏ်များကို ခံနိုင်ရည်ရှိသော ဒေသတွင်းကော်ဖီမျိုးစိတ်များကို ဆန်းစစ်အကဲဖြတ်ရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများအတွက် အထွက်နှုန်းကောင်းသော မျိုးစိတ်များကို ထောက်ပံ့ ပေးရန် တို့ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံကော်ဖီအသင်း (CCA) နှင့် Prek Leap အမျိုးသားစိုက်ပျိုးရေးတက္ကသိုလ် တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် မွန်ဒူကီရီပြည်နယ်ရှိ ကော်ဖီစိုက် တောင်သူများ၏ လူနေမှု ဘဝမြှင့်တင်ရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ရုံသာမက ကမ္ဘောဒီးယားကော်ဖီ ရေရှည် တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် မြှင့်တင်မည့် အခြေခံအုတ်မြစ်လည်း ဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ Vathana က ပြောကြားခဲ့ပါ သည်။
စမ်းသပ်စစ်ဆေးမှုများအပြင် အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ထုတ်လုပ်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နည်းပညာပိုင်း ပြုပြင်ခြင်းနှင့် အရည်အသွေး ထိန်းချုပ်မှုပိုင်းဆိုင်ရာ လေ့လျင့်ပေးမှုနှင့်အတူ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် စွမ်းဆောင် ရည် မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါအစီအစဉ်သည် အောင်မြင်ဖြစ်ထွန်းသောကော်ဖီမျိုးစိတ်များကို တိုးချဲ့စိုက်ပျိုးရန် အတွက် အကြံပြုချက်များ ဖော်ထုတ်ပေးရန်နှင့် ဒေသခံကော်ဖီစိုက်ပျိုးသူများ၏ ဝင်ငွေများ တိုးတက်လာစေရန်အတွက် ဈေးကွက်ချိတ်ဆက်မှုများကို မြှင့်တင်ပေး၍ရန် ရည်ရွယ်ပါသည်။
မွန်ဒူကီရီပြည်နယ်ကို ပိုမိုအေးမြသောရာသီဥတုရှိခြင်း၊ မြေဩဇာကောင်းပြီး မီးတောင်ပြာ မြေဆီလွှာနှင့် ပင်လယ်ရေမျက်နှာအထက် ၅၀၀ မီတာမှ ၁၂၀၀ မီတာအကြား မြင့်မားစွာတည် ရှိခြင်းတို့ကြောင့် ကော်ဖီစိုက်ပျိုးရန်အတွက် သင့်တော်ကြောင်း မှတ်ယူနိုင်ပါသည်။ အဆိုပါ အခြေ အနေမျိုးသည် ရိုဘတ်စတာနှင့် အာရေးဗီးကားကော်ဖီနှစ်မျိုးစလုံး ထုတ်လုပ်မှုကို အထောက် အကူပြုစေပါသည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီးဌာနမှ အချက်အလက်များအရ ယခင်နှစ်တွင် ကော်ဖီစိုက်ပျိုးမှုအနေဖြင့် ဟက်တာ ၈၀၀ ခန့် စိုက်ပျိုးကြပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၁ ဟက်တာ လျှင် ၂.၃၆ တန် ထွက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တစ်နှစ်တွင် ကော်ဖီ တန်ချိန် ၂၀,၀၀၀ တန် လိုအပ်ပြီး ဒေသတွင်း ထောက်ပံ့ဖြည်းဆည်းနိုင်မှုမှာ တန်ချိန် ၁,၀၀၀ ခန့် သာရှိကြောင်း သိရှိရပါသည်။
Source: Khmer Times, June 25, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
