အိန္ဒိယတွင် အရန်ပဲသိုလှောင်မှုနှင့် တင်သွင်းမှုများကြောင့် ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်နေ

Powered by Drupal

   မိုးရွာသွန်းမှု ပုံမှန်အောက်လျော့နည်းနိုင်ခြင်းနှင့် မိုးသီးနှံစိုက်ပျိုးမှု ‌နောက်ကျခြင်းအပေါ် စိုးရိမ်မှုများရှိသော်လည်း အစိုးရအရန်ပဲသိုလှောင်မှုလုံလောက်စွာရှိခြင်းနှင့် ပဲတင်ပို့သည့် အဓိက နိုင်ငံများတွင် ထုတ်လုပ်မှုမြင့်တက်လာခြင်းတို့ကြောင့် ပဲမျိုးစုံဈေးနှုန်းများသည် ဒီဇင်ဘာလအထိ တည်ငြိမ်နေမည်ဖြစ်ကြောင်း ပဲလောကကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    မတ်လမှ စတင်၍ ဝယ်လိုအားလျော့နည်းလာခြင်းကြောင့် ပဲဈေးနှုန်းများမှာ မြင့်တက်လာ ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း ကုန်သည်များနှင့် တင်သွင်းသူများက ပြောကြားထား သည်။ ပြည်တွင်းထွက်ရှိသည့် ပဲအများစု၏ ဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး (MSP) ထက် လျော့နည်းနေသော်လည်း အာဖရိက၊ မြန်မာနှင့် ဘရာဇီးနိုင်ငံတို့ကဲ့သို့ ပဲအဓိကတင်ပို့သည့်နိုင်ငံ များတွင် ထုတ်လုပ်မှုကောင်းမွန်သဖြင့် အိန္ဒိယအတွက် ပဲရရှိမှုလုံလောက်ကြောင်းနှင့် အစိုးရတွင် လည်း အရန်ပဲသိုလှောင်မှုလုံလောက်စွာရှိနေကြောင်း အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ အသင်း (IPGA) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ တင်သွင်းမှုစုစုပေါင်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၇ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး တန်ချိန် ၆ သန်းအထိရှိခဲ့သည်။ အိန္ဒိယသည် ပဲစင်းငုံကို အာဖရိကနှင့် မြန်မာမှ အဓိကတင်သွင်းပြီး မတ်ပဲကို မြန်မာနှင့် ဘရာဇီးမှ တင်သွင်းနေရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံတန်ချိန် ၁.၄၈ သန်းတင်သွင်းခဲ့ရာ အာဖရိကမှ တန်ချိန် ၁.၁၁ သန်း ပါဝင်ခဲ့သည်။ မတ်ပဲတင်သွင်းမှု ၇၈၁,၀၀၀ တန်အနက် ၅၄၀၀၀၀ တန်ခန့်ကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။

    အစိုးရ၏ အရန်ပဲသိုလှောင်မှု အားကောင်းနေခြင်းသည် ဒီဇင်ဘာအထိ ပဲရရှိနိုင်မှုကို လုံလောက်စွာ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်မှုကျွမ်းကျင်သူများက ပြောကြား ထားသည်။ လယ်သမားများကို ကူညီထောက်ပံ့ရန်အတွက် အစိုးရမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ ကို ၁၀၀ ရာခိုင်နှုန်းဝယ်ယူပေးမည်ဟု အာမခံထားသဖြင့် အရန်ပဲသိုလှောင်မှုပမာဏ တိုးလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရသည် ယခင်နှစ် မိုးသီးနှံနှင့်ဆောင်းသီးနှံများမှ စုဆောင်းထား သော ပဲမျိုးစုံ တန်ချိန် ၄.၃ သန်းခန့်ကို ကိုင်ဆောင်ထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါးများပြားကြောင်း၊ ဥတ္တရာပရာဒေ့ရှ်၊ တမီးနာဒူး၊ ဂူဂျာရတ်နှင့် ဟာရီ ယာနာပြည်နယ်များမှ နွေပဲတီစိမ်းနှင့် မတ်ပဲများကို အစိုးရဝယ်ယူမည်ဖြစ်ကြောင်း ယခင်လက ကြေညာခဲ့သည်။

Source: Economic Times, July 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)