
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၆-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်း ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် အားသာချက်များဖြစ်သည့် ဆိုင်သို့သွားရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည့်သည့်နေရာမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းနှိုင်းယှဉ် သုံးသပ်နိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အိမ်/ကားဂိတ်အရောက် ပို့ဆောင်သည့်စနစ်ပါရှိခြင်း စသည့် အချက်များ၊ အားနည်းချက်များဖြစ်သည့် ပို့ဆောင်ခအပိုကုန်ကျစရိတ်ရှိခြင်း၊ ပို့ဆောင်သည့်အချိန် လိုအပ်ချက်ရှိခြင်း၊ ကုန်စည်ကိုချက်ချင်းမရရှိခြင်း၊ ကိုယ်ရေးကိုယ်တာနှင့်ငွေပေးချေမှုဆိုင်ရာ အချက် အလက်များချိုးဖောက်ခံရနိုင်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ချဲ့ကားဖော်ပြခြင်း၊ အထင်မှားစေရန်ဖော်ပြခြင်းများရှိနိုင်ခြင်း စသည့်အချက်များ၊ မရိုးဖြောင့်သော တရားမဝင်အွန်လိုင်းများ၏ လိမ်လည်မှုပုံစံအမျိုးမျိုး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်း ရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူ များအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းသည့်နည်းလမ်းများ၊ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေအကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
