
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ခြံဝန်းကျယ်များတွင် မိသားစုတစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စံပယ်ပန်းပင် ဒေသအခေါ် မလိပန်းပင်များအား စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံးနီးပါး ဝင်ငွေများရရှိလျက်ရှိပါသည်။ ယခုမိုးဦးကျ မိုးရာသီအစအတွင်း စံပယ်ပန်းများ အထွက်နှုန်း ကောင်းမွန်လာသဖြင့် ဈေးကွက်အတွင်း ပန်းဝင်ရောက်မှုများပြားနေပြီး ဈေးနှုန်းမှာလည်း ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း ဒေသခံ ပန်းရောင်းဝယ်သူများထံမှ သိရသည်။
စံပယ်ပန်းသည် မွှေးရနံ့သင်းပျံ့၍ ဘုရားပန်းကပ်လှူခြင်း၊ ပန်းကုံးသီခြင်းနှင့် အလှဆင် အသုံးပြုခြင်းတို့အတွက် ဝယ်လိုအားမြင့်မားသည့်ပန်းတစ်မျိုးဖြစ်သည်။ မိုးရေချိန်လုံလောက်စွာဖြင့် အသင့်အတင့် ရရှိသည့်ကာလတွင် ပန်းပွင့်နှုန်းကောင်းမွန်လာပြီး နေ့စဉ်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ပမာဏလည်းတိုးလာကြောင်း သိရသည်။
“မိုးကျပြီးနောက် စံပယ်ပန်းအပွင့်တွေ ပိုများလာပါတယ်။ ပန်းအဝင်များတဲ့ရက်တွေမှာ ဈေးကအေးပေမယ့် ဥပုသ်နေ့နဲ့ ဘုရားပန်းအသုံးများတဲ့ရက်တွေဆိုရင်တော့ ဝယ်လိုအားတက်ပြီး ဈေးလည်းနည်းနည်းမြင့်လာပါတယ်”ဟု မြိတ်မြို့ရှိ ပန်းရောင်းချသူတစ်ဦးကပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိဈေးကွက်အတွင်း စံပယ်ပန်းအား အပွင့်ပါဝင်မှုအရေအတွက်ပေါ်မူတည်၍ စံပယ်တစ်ကုန်းလျှင်ကျပ် ၅၀၀ ဝန်းကျင်ဖြင့် မြိတ်မြို့ပေါ်ရှိ စျေးများတွင်ရောင်းချလျက်ရှိသော ပန်းဆိုင်များထံမှ စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
