ကျိုက်ထိုတွင် ကတွတ်သီးပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိနေသဖြင့် ခြံရှင်များနှင့် ဆွတ်ခူးသူများ အဆင်ပြေလျက်ရှိ

Powered by Drupal

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံဥယျာဉ်ခြံသမားများနှင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် ယခုနှစ် ကတွတ်သီးပေါ်ဦးပေါ်ဖျားရာသီတွင် ကတွတ်သီး ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

          ကျိုက်ထိုမြို့နယ်သည် သဘာဝအလျောက် ပေါက်ရောက်သော ကတွတ်ပင်များနှင့် စိုက်ပျိုးပင်များမှ ထွက်ရှိသည့် ကတွက်သီး (အချို့ဒေသများတွင် ကတွတ်ချဉ်သီးဟုလည်း ခေါ်ဆိုကြ) များကို ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

          ယခုနှစ် ကတွတ်သီးရာသီအစတွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မှုတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသော်လည်း ယခင်နှစ်များထက်စာလျှင် ပိုမိုကောင်းမွန်သော ဈေးနှုန်းကို ရရှိနေကြသည်။ လက်ကားဈေးနှုန်းအရ ကတွတ်သီး အရွယ်အစားအလိုက် ၁၀ လုံးလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ ကျိုက်ထိုမြို့၊ မြို့မဈေးနှင့် လမ်းဘေးဝဲယာ အရောင်းဆိုင်များတွင်မှု သန့်စင်ပြီးသား အလုံးကြီး ကတွတ်သီးများကို လက်လီဈေး ၁၀ လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိနေကြောင်း သိရသည်။

          ကတွတ်သီးသည် ကျန်းမာရေးအရ အပူငြိမ်းစေခြင်း၊ ဝမ်းမှန်စေခြင်းနှင့် ရိုးရာ ဆေးဖက်ဝင်အသီးအဖြစ် လူကြိုက်များသဖြင့် ဝယ်လိုအား အမြဲရှိနေကာ ကတွတ်သီးကို ယိုထိုးရာတွင် အသုံးပြုကြပြီး ကျိုက်ထိုဒေသမှ ထွက်ရှိသော မိုးမိုး (ကတွတ်ယို)သည် လူကြိုက်အများဆုံး ယိုတစ်မျိုးဖြစ်ကြောင်းလည်း သိရပါသည်။ ထိုကြောင့် ကတွတ်သီးသည် ရာသီချိန်ရောက်တိုင်း ဝယ်လိုအား မြင့်တက်လျှက်ရှိနေပါသည်။

          ထိုသို့ ဝယ်လိုအားများသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ကတွတ်သီးသည် ဇူလှိုင်လနှင့် ဩဂုတ်လများတွင် အသီးလှိုင်လှိုင်ထွက်ကာ ဈေးကောင်းရရှိနိုင်ကြောင်းလည်း ခန့်မှန်းရရှိပါသည်။

DOCA (မွန်)