ကန့်ဘလူမြို့နယ်၌ ငရုတ်သီးစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုစီးပွားရေး အဆင်ပြေချောမွေ့စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် ရာသီအလိုက် သီးနှံစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် စိုက်ပျိုးသော မိုးငရုတ်နှင့် ဆောင်းငရုတ် (မိုးထော်ငရုတ်၊ ကျောက်စိမ်းငရုတ်) စိုက်ပျိုးထုတ်လုပ်မှုမှာ အောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး ဈေးကွက်အတွင်း အကျိုးအမြတ်များ ရရှိနေကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ဆောင်းငရုတ် (သီးညှပ် /သီးသန့်)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ပျိုးထောင်စိုက်ပျိုးကြပြီး၊ မိုးငရုတ်ကို မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြသည်။ ငရုတ်ပင်များ စိုက်ပျိုးပြီးနောက် () လခွဲမှ () ခန့်အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး သီးနှံသက်တမ်းတစ်လျှောက် အကြိမ်ရေ (၁၅) ကြိမ်မှ (၂၀) ကြိမ်အထိ စဉ်ဆက်မပြတ် ဆွတ်ခူးရောင်းချနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

    ငရုတ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့် ပျိုးထောင်ခ၊ မြေပြုပြင်ခ (ထွန်ယက်ခ) သွင်းအားစုများဖြစ်သည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာဖိုး၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးဖိုး၊ ရေတင်စရိတ်နှင့် လုပ်အားခ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀,၀၀၀ မှ ၁၅၀၀,၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးသည့် မျိုးနှင့် စိုက်စနစ်ပေါ်မူတည်၍ ကုန်ကျမှုရှိကြောင်း သိရသည်။

     ယခုနှစ်တွင် ရာသီဥတုမျှတပြီး ဖျက်ပိုးအန္တရာယ် ကင်းစင်သဖြင့် ငရုတ်အထွက်နှုန်း ကောင်းမွန်လျက်ရှိရာ ငရုတ်စိုတစ်ဧကလျှင် ပိဿာချိန် ၁၀၀၀ မှ ၁၅၀၀ ခန့်အထိ ထွက်ရှိသည်။ လတ်တလော ဈေးကွက်အတွင်း ငရုတ်စိုတစ်ပိဿာလျှင် ဒေသတွင်းပေါက်ဈေး (အမျိုးအစား အလိုက်) ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် ကုန်ကျစရိတ်အားလုံး နှုတ်ပယ်ပါက တောင်သူများအနေဖြင့် တစ်ဧကလျှင်  ၁၀ သိန်းကျော် အကျိုးအမြတ်ကျန်ရှိသဖြင့် အခြားသီးနှံများထက် စီးပွားရေးအရ တွက်ခြေကိုက်ကာ မိသားစုအပို ဝင်ငွေ တိုးပွားလျက်ရှိသည်။

    ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ငရုတ်သီးများကို ဒေသတွင်းလတ်ဆတ်သော ကုန်စိမ်းဈေး ကွက်သို့လည်း နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရွှေဘိုမြို့ရှိ သီးနှံပွဲရုံများကိုလည်း  တင်ပို့ရောင်းချလျက်ရှိသည်။ ငရုတ်သီးနှံသည် ရေရှည်ဆွတ်ခူးရောင်းချရသော သီးနှံဖြစ်သည့်အပြင် ယခုကဲ့သို့ အကျိုးအမြတ် ဖြစ်ထွန်းမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ငရုတ်စိုက်ပျိုးမှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)