
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အသီးအနှံများ၏ အရည်အသွေး ကျဆင်းသွားခြင်းနှင့် အတူ ပြည်ပတင်ပို့သည့် လုပ်ငန်းများက ဝယ်ယူမှုစံနှုန်းများကို ပိုမိုတင်းကျပ်လာခြင်းတို့ကြောင့် စိုက်ပျိုးရေးဒေသ အများအပြားတွင် ဒူးရင်းသီးစျေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း သိရသည်။
Dong Nai ပြည်နယ်တွင် အသက် ၆ နှစ်ရှိ ဒူးရင်းပင် ၁၀၀ ပိုင်ဆိုင်သည့် Mr. Manh က ယခု နှစ်တွင် ၎င်း၏ခြံမှ အသီးတန်ချိန် ၅ တန်ခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း Monthong ဒူးရင်းသီးအားလုံးကို တစ်ကီလိုဂရမ်လျှင် ၅၅,၀၀၀ ဗီယက်နမ်ဒေါင်ဖြင့်သာ ရောင်းချခဲ့ရသဖြင့် ယခင်နှစ်ကာလတူထက် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားကာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးစျေးနှုန်း ဖြစ်ခဲ့သည်။
စျေးနှုန်းများ ကျဆင်းသွားရုံသာမက ယခုနှစ်တွင် အသီးအနှံများ၏ အရည်အသွေးမှာ ယခင်နှစ်များကဲ့သို့ မကောင်းခြင်းကြောင့် လယ်သမားအများအပြား စိုးရိမ်နေကြသည်။ Dak Lak ပြည်နယ်တွင် ဒူးရင်းစိုက်ခင်း တစ်ဟက်တာကျော် ပိုင်ဆိုင်သည့် Ms. Hanh ကမူ ရိတ်သိမ်းချိန် မရောက်သေးသော်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အသီးအရည်အသွေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကုန်သည်များထံမှ စရန်ငွေကို ကြိုတင်လက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လယ်သမားများသာမက ပွဲစား/ကုန်သည်များလည်း ဖိအားပေးခံနေရပြီး ဝယ်ယူမှုများကို လျှော့ချနေကြသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် အရှေ့တောင်ပိုင်း ပြည်နယ်များတွင် ဒူးရင်းသီး အဓိကဝယ်ယူနေသည့် Mr. Hoang က ပြည်ပတင်ပို့သည့် ကုမ္ပဏီများ၏ ပိုမို တင်းကျပ်သော အရည်အသွေးစံနှုန်းများကြောင့် နေ့စဉ် အသီးတန်ချိန် အနည်းငယ်သာ ကောက်ယူနိုင်တော့ပြီး ယင်းမှာ ယခင်နှစ် ပမာဏ၏ သုံးပုံတစ်ပုံခန့်သာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။
စျေးကွက်လေ့လာမှုများအရ စျေးနှုန်းများ ကျဆင်းနေသည့်အပြင် ပြည်ပတင်ပို့သည့် လုပ်ငန်းများကလည်း ၎င်းတို့၏ ဝယ်ယူမှုစံနှုန်းများကို တင်းကျပ်ထားကြောင်း သိရသည်။ ဂိုဒေါင်အများအပြားသည် အရည်အသွေး တစ်သမတ်တည်းရှိသော အသီးများကိုသာ လက်ခံပြီး မမှည့်ခြင်း၊ အခွံထူခြင်း သို့မဟုတ် လိုအပ်ချက်များ မပြည့်မီခြင်းစသည့် လက္ခဏာများရှိသော အသီးများကို ပယ်ချလျက်ရှိသည်။
ခြံပိုင်ရှင်များနှင့် ကုန်သည်အများအပြား၏ အဆိုအရ ယခုကဲ့သို့ ရာသီအလယ်တွင် ဒူးရင်းသီးစျေးနှုန်း အဆမတန်ကျဆင်းခြင်းသည် ဖြစ်ခဲသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ဤအခြေအနေသည် ရာသီဥတုကြောင့် အသီးအရည်အသွေး ကျဆင်းလာချိန်တွင် ပြည်ပတင်ပို့မှု ဝယ်လိုအား နှေးကွေးသွားခြင်းကို ထင်ဟပ်နေကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
